အီတလီစီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဝါရင့်အာဂျင်တီးနား တောင်ပံတိုက်စစ်ကစားသမား အိန်ဂျယ်ဒီမာရီယာကို လာမယ့်နွေရာသီစျေးကွက်အတွင်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားနိုင်ဖို့အတွက် စတင်စီစဉ်နေပြီဖြစ်တယ်လို့ အီတလီသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Tuttosport ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Bleacher Report

အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တောင်ပံကစားသမား ဒီမာရီယာဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကမှ မန်ချက်စတာယူနိုက်တက်အသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ယူနိုက်တက်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် ပီအက်စ်ဂျီမှာ ခြေစွမ်းပြနိုင်ခဲ့ကာ ဒီရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ(၈)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး (၄)ဂိုးသွင်း (၃)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် ဒီမာရီယာက ရာသီအကုန် အသင်းနဲ့ သက်တမ်းကုန်ဆုံးတော့မှာဖြစ်သလို အခုချိန်ထိ သက်တမ်းတိုးမယ့်ကိစ္စကို လုပ်ဆောင်ရသေးခြင်း မရှိသေးပါဘူး။

Photo Credit : PSG Talk

ပီအက်စ်ဂျီအသင်းကတော့ အသင်းအတွက် အားထားရတဲ့ ဝါရင့်ကစားသမားတစ်ယောက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရမယ့်အပေါ် လက်မခံနိုင်တာကြောင့် တစ်နှစ်လောက်ဖြစ်ဖြစ် ထပ်မံသက်တမ်းတိုးဖို့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။ ဒါပေမယ့် သက်တမ်းတိုးမယ့် ကိစ္စကို အခုမှပဲ စတင်လုပ်ဆောင်နေတာဖြစ်ပြီး တကယ်လို့ ဒီမာရီယာဘက်ကနေ ပီအက်စ်ဂျီနဲ့ သက်တမ်းထပ်တိုးဖို့ ဆန္ဒမရှိတော့ဘူးဆိုရင်တော့ သူအနေနဲ့ လာမယ့်ဇန်နဝါရီလမှာပဲ သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေနဲ့ လွတ်လွတ်လပ်လပ်ပဲ ဆွေးနွေးနိုင်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေကို အင်တာမီလန်အသင်းဘက်ကနေ စောင့်ကြည့်နေတာဖြစ်ပြီး ဒီမာရီယာဘက်ကနေသာ ပီအက်စ်ဂျီရဲ့ စာချုပ်သစ်ကို ပယ်ချခဲ့မယ်ဆိုရင် ဒီမာရီယာကို ချဉ်းကပ်လာတော့မှာဖြစ်ပါတယ်။ အင်တာအသင်းကတော့ နည်းပြကွန်တီ ကိုင်တွယ်ပြီးတဲ့နောက်မှာ အသင်းကို အပြောင်းအလဲတွေများစွာ လုပ်ဆောင်နေပြီး အသင်းအတွက် ဝါရင့်ကစားသမားတွေကိုလည်း ပုံမှန်ခေါ်ယူလျက်ရှိကာ အက်ရှ်လေယန်း ကိုလာရော့ ဗီဒယ်တို့လို အတွေ့အကြုံရင့် ဥရောပကစားသမားကြီးတွေကို ခေါ်ယူဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အင်တာအသင်းဟာ လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာလည်း ချယ်လ်ဆီးအသင်းကနေ ထွက်ခွာတော့မယ့် ဝါရင့်ပြင်သစ်တိုက်စစ်ကစားသမားကြီး အိုလီဗာဂျရှုးကို ခေါ်ယူသွားဖို့ ပြင်ဆင်နေလျက်ရှိတယ်လို့ သိရပါတယ်။