မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ ရန်းနစ်က အသင်းရဲ့ ခံစစ်ကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ဟာရီမက်ဂွိုင်းရား ဘယ်နောက်ခံလူ လုခ်ရှောနဲ့ ညာနောက်ခံလူ အာရွန်ဝမ်ဘစ်ဆာခါတို့ (၃)ဦးစလုံးက ကလပ်အသင်းအတွက် ပါဝင်ကစားပေးဖို့ လုံလောက်မှု မရှိတဲ့ ကစားသမားတွေ ဖြစ်တယ်လို့ အသင်းတာဝန်ရှိသူတွေဆီ တင်ပြခဲ့တယ်လို့ ယူနိုက်တက်အသင်းရဲ့ သတင်းတွေကို လိုက်လံစုံစမ်းနေတဲ့ သတင်းအရင်းအမြစ်တွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

ဂျာမနီလူမျိုး ဝါရင့်ဘောလုံးနည်းပြကြီး ရန်းနစ်ဟာ ယူနိုက်တက်အသင်းကို နိုဝင်ဘာလကမှ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်အထိ အသင်းကို ယာယီတာဝန်ယူသွားမှာလည်း ဖြစ်ပါတယ်။ နည်းစနစ် ဗျူဟာပိုင်း ထူးခြားကောင်းမွန်တဲ့ နည်းပြကြီးလို့ နာမည်ကျော်ခဲ့ပေမယ့် ရန်းနစ်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ချိန်မှာ အသင်းရလဒ်တွေ စွမ်းဆောင်ရည်တွေ သိသာစွာ တိုးတတ်လာခြင်း မရှိသလို နည်းပြနဲ့ ကစားသမားတွေရဲ့ကြားမှာလည်း အဆင်မပြေမှုတွေ ရှိနေသလို ရန်းနစ်ကိုယ်တိုင်က ဗာရန်းကလွဲပြီး အသင်းရဲ့ ခံစစ်မှာ ပုံမှန်နေရာရနေတဲ့ အသင်းခေါင်းဆောင် ခံစစ်မှူးနဲ့ ခံစစ်အစွန် ကစားသမား(၂)ယောက်လုံးရဲ့ ခံစစ်စွမ်းရည်တွေအပေါ် နှစ်သက်သဘောကျခြင်း မရှိလို့ ဒီကစားသမားတွေရဲ့နေရာမှာ အစားထိုးမှုတွေ လုပ်ဆောင်သွားချင်နေတယ်လို့ အသင်းတာဝန်ရှိသူတွေကို တင်ပြထားတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

ဒီလို ရန်းနစ်ရဲ့ သဘောမကျမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ခံစစ်ကစားသမားတွေဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ယူနိုက်တက်အသင်းကို အမှတ်ပေးဇယားရဲ့ ဒုတိယနေရာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ခံစစ်အစုအဖွဲ့ ဆိုပေမယ့်လည်း ဒီရာသီမှာတော့ ကစားသမားတွေရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်တွေက မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သလို တွဲဖက်ကစားမှုမှာလည်း အားနည်းမှုတွေ ရှိလာခဲ့ရပါတယ်။ ပေါင်သန်း(၁၆၀)ခန့် အသုံးပြုထားခဲ့ရတဲ့ ခံစစ်ကစားသမား (၃)ဦးရဲ့ စွမ်းဆောင်ရည်တွေကို မနှစ်သက်တဲ့ ရန်းနစ်ဟာ ဝုလ်ဗ်အသင်းရဲ့ အသက်(၂၄)နှစ်အရွှယ် အင်္ဂလန် ဗဟိုခံစစ်ကစားသမား မက်ဇ်ကေးမန်းကို ခေါ်ယူသွားချင်နေပြီး ညာနောက်ခံနေရာအတွက်ကိုလည်း ကစားသမားသစ်တစ်ဦး ဖြည့်တင်းသွားချင်နေတယ်လို့ သိရပါတယ်။ ဆက်လက်ပြီး သတင်းအရင်းအမြစ်ရဲ့ ဖော်ပြချက်အရ ရန်းနစ်ဟာ ယူနိုက်တက် ကွင်းလယ်လူ ဖရက်ရဲ့ ခြေစွမ်းပိုင်းကို သဘောကျ နှစ်သက်လျက် ရှိနေပြီး သူရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဟိုင်ဒါရာကို အရခေါ်ယူနိုင်မယ်ဆိုရင် ကွင်းလယ်မှာ ဖရက်နဲ့ ဟိုင်ဒါရာ အတွဲအဖက်ကို ပွဲထုတ်လာနိုင်တယ်လို့လည်း ယူနိုက်တက် သတင်းအရင်းအမြစ်ကနေ ဖော်ပြသွားခဲ့ပါတယ်။