ပြင်သစ် လီဂူး ကလပ်အသင်း တစ်သင်း ဖြစ်တဲ့ ရန်းနက်စ်အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဟိုးဗက် ကတော့ သူတို့အသင်းရဲ့ ဂိုးသမား ဖြစ်သူ မန်ဒီ ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ထိပ်သီး အသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ တရားဝင် ကမ်းလှမ်းထားကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ အသက် ၂၈နှစ် အရွယ် ဆီနီဂေါ ဂိုးသမား မန်ဒီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရန်းနက်စ်အသင်းနဲ့အတူ တောက်ပခဲ့တဲ့ ဂိုးသမားကောင်း တစ်ဦး ဖြစ်ပြီး ပြင်သစ်လီဂူး ပွဲစဉ် ၂၄ ပွဲ ပါဝင် ကစားခဲ့ရာမှာ ပေးဂိုး ၁၉ဂိုးသာ ခွင့်ပြုပေးခဲ့ရကာ ဂိုးမပေးရတဲ့ပွဲစဉ် ၉ပွဲ အထိ ရှိခဲ့ပါတယ်။

Photo Credit: Express

ချယ်လ်ဆီးအသင်းဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ ကစားသမား ခုနှစ်ဦးအထိ ခေါ်ယူ ထားပြီး ဖြစ်ပေမယ့် အသင်းရဲ့ အားနည်းချက် တစ်ခု လို ဖြစ်နေတဲ့ ဂိုးသမား နေရာအတွက် မန်ဒီကို ခေါ်ယူဖို့ လုပ်ဆောင်လာတာပါ။ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ ကီပါ ၊ ကာဘယ်လာရို စတဲ့ ဂိုးသမားနှစ်ဦးကို ပိုင်ဆိုင်ထားပေမယ့် ကီပါဟာ လက်စွမ်းတည်ငြိမ်မှု အားနည်းနေသလို ကာဘယ်လာရိုရဲ့ လက်စွမ်းဟာလည်း အသင်းအတွက် လုံလောက်မှု မရှိတာကြောင့် မန်ဒီကို ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ ချယ်လ်ဆီးအသင်းဟာ မန်ဒီကို ၅နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး မန်ဒီအတွက် ရန်းနက်စ်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရဖို့သာ လိုအပ်တော့ကြောင်း သိရပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ ရန်းနက်စ်အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဟိုးဗက်က သူတို့အသင်းရဲ့ ဂိုးသမား ဖြစ်သူ မန်ဒီအတွက် ချယ်လ်ဆီးအသင်းနဲ့ တရားဝင် ဆွေးနွေးနေကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ မန်ဒီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဟိုးဗက်က ” မန်ဒီကို ရောင်းချဖို့ အတွက် ကျွန်တော်တို့ဟာ ချယ်လ်ဆီးအသင်းနဲ့ တရားဝင် ဆွေးနွေးမှုတွေကို စတင်နေပါပြီ။ ကစားသမားဟာ အသင်းကနေ ထွက်ခွာချင်နေတာကို ကျွန်တော်တို့ သိထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သုံးဦးကြားမှာတော့ သဘောတူညီမှုက ၁၀၀ ရာခိုင်နှုန်း မပြီးပြတ်သေးပါဘူး ” လို့ ပြောကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။