ပြင်သစ်လီဂူးကလပ် ရန်းနက်စ်အသင်းကတော့ သူတို့အသင်းရဲ့ဂိုးသမား အစ်ဒွာမန်ဒီကို ချယ်လ်ဆီးအသင်းဆီ ရောင်းချသွားဖို့အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၄၀)အထိ တောင်းဆိုထားခဲ့တဲ့အပြင် ချယ်လ်ဆီးဘက်က ကစားသမားတစ်ယောက်ကိုလည်း အငှားနဲ့ ပြန်လည်ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။ ရင်းနက်စ်အသင်းဟာ မန်ဒီရဲ့အပြောင်းအရွှေ့မှာ တစိတ်တပိုင်းအဖြစ် ချယ်လ်ဆီးအသင်းရဲ့ဝါရင့်တိုက်စစ်ကစားသမားကြီး အိုလီဗာဂျရှုးကို တစ်ရာသီအငှားနဲ့ ပြန်လည်အလိုရှိနေတယ်လို့ ပြင်သစ်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : French Football

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ပင်တိုင်ဂိုးသမားဖြစ်တဲ့ စပိန်ဂိုးသမားကယ်ပါရဲ့လက်စွမ်းတွေကို သဘောကျခြင်းမရှိတဲ့အတွက် အသက်(၂၈)နှစ်အရွှယ်ရှိ ရင်းနက်စ်အသင်းရဲ့ဂိုးသမားဖြစ်သူမန်ဒီကို ခေါ်ယူသွားဖို့ လုပ်ဆောင်လာခဲ့ရာ အပြောင်းအရွှေ့ပြီးမြောက်ဖို့ နီးစပ်လာခဲ့ပေမယ့် ရင်းနက်စ်အသင်းက ပြောင်းရွှေ့ကြေးအပြင် ချယ်လ်ဆီးတိုက်စစ်ကစားသမား ဂျရှုးကိုပါ တစ်ရာသီအငှားစာချုပ်(အငှားချုပ်ဆိုခမပါဝင်)နဲ့ ပြန်လည်ခေါ်ယူခွင့်ပေးဖို့ တောင်းဆိုလာခဲ့တာကြောင့် ချယ်လ်ဆီးဘက်ကနေ ပြန်လည်စဉ်းစားဖွယ်ရှိလာနိုင်ပါတယ်။

Photo Credit : Foot Mecato

အသက်(၃၃)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမားဂျရှုးကတော့ ချယ်လ်ဆီးအသင်းမှာ တစ်နှစ်စာချုပ် ကျန်ရှိနေသေးသူဖြစ်ပြီး မကြာသေးခင်ကလည်း ဂျုဗင်တပ်စ်အသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ ထွက်ခဲ့ပါသေးတယ်။ လက်ရှိချယ်လ်ဆီးအသင်းရဲ့တိုက်စစ်မှာ ကစားသမားသစ်တီမိုဝါနာ လူငယ်တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်နဲ့ ဝါရင့်တိုက်စစ်မှူးကြီး အိုလီဗာဂျရှုးတို့ရှိလို့နေပြီး ဂျရှုးအနေနဲ့ လူငယ်တိုက်စစ်မှူးနှစ်ယောက်ကို ကျော်လွန်ပြီး အသင်းရဲ့တိုက်စစ်မှာ နေရာရဖို့ မလွယ်ကူပေမယ့် အသင်းမှှာသာ ဆက်လက်ရှိနေဖို့သာ စိတ်အားထက်သန်လို့နေပါတယ်။ ဒါကြောင့် ရင်းနက်စ်အသင်းအနေနဲ့ ဂိုးသမားမန်ဒီကို ရောင်းချရမှာ ပြောင်းရွှေ့ကြေးသက်သက်ကိုသာ လက်ခံရဖွယ်ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းကတော့ ဘရိုက်တန်ပွဲမှာလည်း ဂိုးဧရိယာပြင်ပကနေ သွင်းဂိုးခွင့်ပြုခဲ့ရတဲ့ ဂိုးသမားကယ်ပါရဲ့လက်စွမ်းတွေအပေါ်မှာ သိပ်အားမရတာကြောင့် အပြောင်းအရွှေ့စျေးကွက်မပိတ်ခင်မှာပဲ မန်ဒီကို ခေါ်ယူသွားနိုင်အောင် ကြိုးပမ်းနေတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ ဝါနာ ဇီယက်ရှ် ဟားဗက်ဇ် ဘင်ချီဝဲလ် သီယာဂိုဆေးဗား မာလန်ဆားတို့ကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၅၀)ဝန်းကျင်လောက်နဲ့ ခေါ်ယူအားဖြည့်ခဲ့ပါတယ်။