ပြင်သစ် လီဂူးဝမ်းအသင်း ဖြစ်တဲ့ ရန်းနက်စ်အသင်းဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်တစား ချဉ်းကပ်နေတဲ့ သူတို့အသင်းရဲ့ ကွင်းလယ်လူ ကာမာဗင်ဂါကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ကာမာဗင်ဂါဟာ ရန်းနက်စ်အသင်းရဲ့ အကောင်းဆုံး ကစားသမား တဦး ဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တာကြောင့် ယခု နွေရာသီ အပြောင်းအရွှေ့မှာပဲ ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။

Photo Credit: Standard

ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ကာမာဗင်ဂါဟာ ဥရောပရဲ့ အကောင်းဆုံး လူငယ် ကွင်းလယ် ကစားသမားတွေထဲက တဦး ဖြစ်တာကြောင့် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပေမယ့် လက်ရှိ နွေဈေးကွက်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ကသာ သူ့ကို ခေါ်ယူနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ မက်ဆီ ၊ ရာမို့စ် ၊ ဒွန်နာရမ်မာ ၊ ဝစ်နယ်ဒန်တို့လို ကစားသမားတွေကို ခေါ်ယူထားတာကြောင့် အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေကို မရောင်းထုတ်ပဲ ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့ ခက်ခဲပြီး မန်ချက်စတာ ယူနိုက်တက်အသင်း တသင်းထဲကသာ ကာမာဗင်ဂါ အတွက် တခုထဲသော ရွေးချယ်စရာအသင်း ဖြစ်နေပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေဈေးကွက် မပိတ်သိမ်းမီ ကွင်းလယ်လူသစ် တဦးကို ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် ကာမာဗင်ဂါကို ခေါ်ယူဖို့ ကြိုးပမ်းမှုကို မကြာခင်မှာ မြင်တွေ့ရနိုင်ပြီး ကာမာဗင်ဂါရဲ့ အေးဂျင့်ဖြစ်သူ ဘားနက်ကလည်း သူ့ရဲ့ ကစားသမားကို အိုးထရက်ဖို့ဒ်ဆီ ပို့ဆောင်ဖို့ စိတ်အားထက်သန်နေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ကာမာဗင်ဂါဟာ လက်ကျန် နွေဈေးကွက် အတွင်းမှာ ရန်းနက်စ်အသင်း ကနေ ထွက်ခွာဖို့ အခွင့်အလမ်း များနေပြီး ရန်းနက်စ်အသင်း ကတော့ ကာမာဗင်ဂါကို ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း ရရှိရုံနဲ့ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။