ပြင်သစ်လီဂူးအသင်း တသင်း ဖြစ်တဲ့ ရန်းနက်စ်အသင်းဟာ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ ကာမာဗင်ဂါရဲ့ အပြောင်းအရွှေ့ အတွက် ဥရောပ အသင်းကြီးတချို့နဲ့ ဆွေးနွေးမှုတွေ ရှိနေကြောင်း အတည်ပြု ပြောကြားသွားပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ်လက်ရွေးစင် လူငယ် ကွင်းလယ်လူ ကာမာဗင်ဂါဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ရန်းနက်စ်အသင်း ကနေ ထွက်ခွာချင်နေတဲ့ ကစားသမား တဦး ဖြစ်ပြီး လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက် ၊ လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Standard

ဒါပေမယ့် ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ တန်ကြေးမြင့် ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ထားတာကြောင့် ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့ အသင်းရဲ့ ကစားသမား တချို့ကို ရှင်းထုတ်ဖို့ လိုအပ်သလို ရီးရဲလ်မက်ဒရစ်အသင်းကလည်း ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

လက်ရှိမှာတော့ ကာမာဗင်ဂါရဲ့ အေးဂျင့်ဖြစ်သူနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ကြားမှာ ဆွေးနွေးမှုတွေ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကာမာဗင်ဂါအတွက် ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှုကို ယခုလ အကုန်မှာ စတင် ပြုလုပ်ဖွယ် ရှိပါတယ်။

Photo Credit: Standard

ရန်းနက်စ်အသင်းရဲ့ ဥက္ကဌဖြစ်သူ နီကိုလက်စ် ဟိုဗက်ကတော့ လက်ရှိမှာ ကာမာဗင်ဂါရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိနေကြောင်း ဝန်ခံခဲ့ပေမယ့် ကာမာဗင်ဂါကို ဈေးပေါပေါနဲ့ ခေါ်ယူဖို့ မစဉ်းစားပါနဲ့လို့ ကာမာဗင်ဂါကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းကြီးတချို့အား သတိပေးသွားခဲ့ပါတယ်။

ကာမာဗင်ဂါရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဟိုဗက်က – “သူနဲ့ ပတ်သတ်ပြီး အရာအားလုံးက ဖြစ်နိုင်ပါတယ်။ သူ အသင်းကနေ ထွက်သွားတာ ဖြစ်နိုင်သလို စာချုပ်သစ် ထပ်ချုပ်တာလည်း ဖြစ်နိုင်ပါသေးတယ်။ သေချာတာကတော့ သူဟာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရမှာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ သူနဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေ အများကြီး လုပ်ထားပါတယ်။ ဒါပေမယ့် ဘာကိုမှ အတည်တကျ မဆုံးဖြတ်နိုင်သေးပါဘူး” လို့ ပြောကြားခဲ့တာပါ။