လိုင်လီအသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမားဖြစ်သူ ရီနာတိုဆန်းချက်စ်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်းမှာ တောက်ပနိုင်ခဲ့တာကြောင့် သူ့ကို ကလပ်အသင်းများစွာကနေ ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့သလို သူကိုယ်တိုင်ကလည်း သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲကမှ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကစားဖို့အတွက် အလွန်နီးစပ်ခဲ့ပြီး ဒဏ်ရာပြသာနာကြောင့်သာ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတာလို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

အသက်(၂၄)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ဟာ ပေါ်တူဂီနဲ့ လိုင်လီအသင်းတို့ရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီအကုန်မှာ လိုင်လီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်သလို အသင်းနဲ့ စာချုပ်ကိစ္စ အဆင်မပြေ ဖြစ်လို့နေပြီး သက်တမ်းမတိုးဖို့က သေချာသလောက်ကို ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဆန်းချက်စ်ကို Cut-price တန်ကြေးမျိုးနဲ့ ခေါ်ယူသွားချင်နေတဲ့ ကလပ်အသင်းတွေ ရှိနေသလို ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းကလည်း ဘာစီလိုနာအသင်းကနေ ဆန်းချက်စ်ကို အရခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့သေးတာ ဖြစ်ပါတယ်။

Photo Credit : Goal

ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စတွေနဲ့ပတ်သက်ပြီး ရီနာတိုဆန်းချက်စ်က “ပြီးခဲ့တဲ့ နွေရာသီတုန်းက ကျွန်တော် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ရပြီလို့ ထင်ခဲ့ရပေမယ့်လည်း ကျွန်တော်ဒဏ်ရာပြသာနာက အရာအားလုံးကို ဖျက်ဆီးသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ဘာစီလိုနာနဲ့ ကျွန်တော်ရဲ့ အပြောင်းအရွှေ့က ပြက်ပျယ်သွားခဲ့ရတာပါ။ ကျွန်တော့်အတွက် ဘာအကောင်းဆုံးတွေ ရောက်လာဦးမလဲဆိုတာကို စောင့်ကြည့်သွားရပါမယ်။ အေစီမီလန်အသင်းလား။ မီလန်က ကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်း သမိုင်းဝင် ကလပ်အသင်း တစ်သင်းပါ။ ကျွန်တော် သဘောကျရတဲ့ အဆင့်အတန်းမျိုးမှာ ရှိလို့နေတဲ့ ကလပ်အသင်းမျိုး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဆန်းချက်စ်ကို အာဆင်နယ်နဲ့ အေစီမီလန်အသင်းတွေကနေ အဓိက စိတ်ဝင်စားနေကြတာဖြစ်ပြီး အာဆင်နယ်က အာဖရိကဖလားပြိုင်ပွဲဆီ စေလွှတ်သွားရမယ့် ပါတေး အယ်လ်နီနီတို့ရဲ့ နေရာအတွက် ဆန်းချက်စ်ကို အလိုရှိနေသလို မီလန်ကလည်း အသင်းနဲ့ လမ်းခွဲသွားဖွယ် ရှိလို့နေတဲ့ ကတ်ဆေးရဲ့နေရာမှာ ဆန်းချက်စ်နဲ့ အစားထိုးသွားချင်နေတာ ဖြစ်ပါတယ်။