မနေ့ညက ကစားသွားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ချက်စတာဖီးလ်အသင်းတို့ရဲ့ အက်အေဖလား တတိယအဆင့် ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်က လူကာကူ ဗာနာတို့နဲ့ ပွဲထွက်လာခဲ့ပေမယ့်လည်း အသင်းပရိသတ်တွေက ဒီတိုက်စစ်အတွဲအဖက်ထက် အသင်းအတွက် ပထမဆုံးအဖြစ် ပါဝင်ကစားခွင့် ရရှိခဲ့တဲ့ လူငယ်ကစားသမားလေး လူးဝစ်ဟောလ်ကိုပဲ ပိုပြီးအာရုံကျခဲ့သလို ဟားလ်ကလည်း အကောင်းဆုံးပုံစံ ပြသသွားနိုင်ခဲ့ပါတယ်။
Photo Credit : The Sun
အသက်(၁၇)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ကစားသမားလေး လူးဝစ်ဟောလ်ဟာ ချယ်လ်ဆီး လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကွင်းလယ်ကစားသမားလေးတစ်ဦးဖြစ်ပြီး မနေ့ညက ပွဲစဉ်မှာတော့ အသင်းရဲ့ (၃)ယောက်တန်းခံစစ် ဘယ်ခြမ်းနေရာမှာ ပါဝင်သွားခဲ့ပါတယ်။ ချက်စတာဖီးလ်နဲ့ ပွဲစဉ်မှာ အကောင်းဆုံးပုံစံ ပြသသွားနိုင်ခဲ့တဲ့ ဆယ်ကျော်သက် ကစားသမားလေး ဟောလ်ဟာ သူရဲ့ပွဲဦးထွက်မှာပဲ လတ်တလော အသင်းပရိသတ်တွေရဲ့ ငြိုငြင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တိုက်စစ်မှူး လူကာကူရဲ့ သွင်းဂိုးကိုပါ ဖန်တီးပေးသွားနိုင်ခဲ့ပါသေးတယ်။
Photo Credit : The Sun
လူးဝစ်ဟောလ်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အာဆင်နယ် ကစားသမားဟောင်းကြီး မာတင်ကီအွန်က “ဒီကစားသမားလေး နာမည်ကို မှတ်ထားကြ” လို့ ချီးမွမ်းပြောဆိုခဲ့သလို ချယ်လ်ဆီးအသင်းရဲ့ လက်ထောက်နည်းပြလည်းဖြစ် လူငယ်အသင်းနည်းပြ ဂျိုဒီမော်ရစ်ကလည်း “ဟောလ်အတွက် အကောင်းဆုံး ပွဲဦးထွက် ဖြစ်ခဲ့ရတယ်။ ဒီချာတိတ်လေးက သူရဲ့ပွဲဦးထွက်ကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါကလည်း တူဟယ်လ်အနေနဲ့ အကယ်ဒမီက လူငယ်ကစားသမားလေးတွေကို နေရာပေးတတ်တဲ့ ပုံစံကြောင့်လည်း ပါသလို ဒါကိုလည်း ကစားသမားလေးတွေက အကောင်းဆုံး အသုံးချနိုင်ခဲ့တယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးအသင်းရဲ့ ဘယ်ခြမ်းနဲ့ညာခြမ်း ခံစစ်တွေမှာ ဘင်ချီဝဲလ် ရီးစ်ဂျိမ်းစ်တို့ ဒဏ်ရာပြသာနာတွေနဲ့ ကာလရှည်ကြာ အနားယူနေရသလို လိုင်ယွန်ကို အငှားချထားတဲ့ ဘယ်နောက်ခံလူ အီမာဆင်ကိုလည်း ပြန်ခေါ်လို့မရနိုင်တာကြောင့် အသင်းအတွက် ကစားသမားသစ် မခေါ်ယူနိုင်သေးခင်မှာ ဒီလူငယ်ကြယ်ပွင့်လေး လူးဝစ်ဟောလ်ကို ပွဲတချို့မှာပါ နေရာပေးလာနိုင်ပါတယ်။ လက်ရှိမှာလည်း ချယ်လ်ဆီးအသင်း ပရိသတ်တွေက ကစားသမားသစ် ခေါ်ယူခြင်းထက် ဒီကစားသမားလေးကိုသာ စီနီယာအသင်းမှာ နေရာပိုပေးစေချင်နေကြတယ်လို့ သိရပါတယ်။