ဒေါ့မွန်အသင်းကတော့ လူငယ်ကြယ်ပွင့်လေးတွေကို နေရာပေးတတ်လေ့ရှိတဲ့ ဥရောပရဲ့ထိပ်သီးအသင်းတစ်သင်းဖြစ်လို့ လူငယ်ကစားသမားတိုင်းလိုလိုက ဒေါ့မွန်အသင်းမှာ လာရောက်ကစားချင်ကြပြီး ဒေါ့မွန်ကလည်း ချာတိတ်လေးတွေကို ပြုစုပျိုးထောင်ပေးရင်း ဒီကစားသမားလေးတွေ အရမ်းကိုတောက်ပလာချိန်မှာ ပြောင်းရွှေ့ကြေးပေါင်းများစွာနဲ့ ပြန်လည်ရောင်းချပြီး အသင်းအတွက် အကျိုးအမြတ်များစွာ ရှာတတ်တဲ့အသင်းလည်းဖြစ်ပါတယ်။ အခုလည်း ရီးရဲလ်မက်ဒရစ်အသင်းမှာ နေရာရဖို့ ခက်ခဲနေတဲ့ လူငယ်လေးကို အသင်းဆီ ခေါ်ဆောင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

Photo Credit : GiveMeSport

ရီးရဲလ်မက်ဒရစ်အသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီလကပဲ ဖလာမင်ဂိုအသင်းက ဆယ်ကျော်သက်အရွှယ် ဘရာဇီးလူငယ်တိုက်စစ်မှူးလေး ရေနီယာကို ခေါ်ယူခဲ့ပြီး လူငယ်အသင်းရဲ့လူစာရင်းမှာ ထည့်သွင်းခဲ့ကာ လာမယ့်နှစ်အနည်းငယ်မှပဲ စီနီယာအသင်းကြီးမှာ သုံးစွဲဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲထွက်ခွင့်တွေ ပိုရလာဖို့နဲ့ ဥရောပမှာ ကစားဖူးတဲ့ အတွေ့အကြုံကောင်းတွေ ပိုတိုးလာဖို့အတွက် ရေနီယာကို ကာလရှည် အငှားချသွားဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး ကစားသမားလေးကိုလည်း ဒေါ့မွန် လေဗာကူဆင် ဆိုစီဒက်နဲ့ ဗယ်လာဒိုးလစ်အသင်းတို့က ချိတ်ဆက်လာခဲ့ကာ အားလုံးထဲမှာ ဒေါ့မွန်က အခြေအနေအကောင်းဆုံး ဖြစ်နေရပါတယ်။

Photo Credit : Goal

ဒေါ့မွန်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိနေတာဖြစ်ပြီး ယခင်ကလည်း ရီးရဲလ်က သူတို့ရဲ့လူငယ်ကစားသမား ဟာခီမီကို(အခု အင်တာမီလန်အသင်းကို ရောင်းချခံထားရသူ) ဒေါ့မွန်ဆီ နှစ်ရာသီ အငှားချခဲ့ဖူးပြီး ရေနီယာကိုလည်း နှစ်ရာသီနီးပါးလောက် အငှားချဖို့ ရှိနေပါတယ်။ အသက်(၁၈)နှစ်အရွှယ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ်ရှိ ရေနီယာဂျေဆူးဟာ တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ပြီး သူရဲ့အဓိကနေရာက ကွင်းလယ်တိုက်စစ်ဖြစ်ပါတယ်။ ဘရာဇီးမှာ အသက်ငယ်ငယ်လေးနဲ့ အကောင်းဆုံးစွမ်းရည်တွေ ပြသခဲ့ထားခဲ့တဲ့ သူ့ကို ကလပ်အသင်းများစွာနဲ့အပြိုင် ရီးရဲလ်က အရခေါ်ယူခဲ့တာဖြစ်ပေမယ့် စီနီယာအသင်းကြီးမှာ ပါဝင်နိုင်ဖို့က သူရဲ့အရှေ့မှာ စီနီယာကစားသမားများစွာ ရှိနေသေးတာဖြစ်လို့ ပွဲထွက်ခွင့်ရဖို့ မလွယ်ကူတာကြောင့် အငှားချဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်ပရိသတ်တွေကတော့ ရေနီယာကို ဒေါ့မွန်ထက် ပိုပြီးပွဲထွက်ခွင့်ရနိုင်မယ့် ဆိုစီဒက်အသင်းဆီကိုပဲ အငှားချစေချင်တယ်လို့ မှတ်ချက်ပြုပြောဆိုထားကြပါတယ်။