မကြာသေးခင်ကမှ နယ်သာလန် ကလပ် အယ်လ်ခမာကေ အေစီမီလန်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ် ကစားသမား ရိုင်ဒါစ်က မီလန်ကို ပြောင်းဖို့ လုပ်နေစဉ်အတွင်း ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကိုလည်း ရရှိခဲ့ကြောင်း ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

မီလန်က ကွင်းလယ်လူ တိုနာလီကို နယူးကာဆယ်အသင်းဆီ ရောင်းချခဲ့ပြီးနောက် ကွင်းလယ်အတွက် ချယ်လ်ဆီးက လော့တပ်ချိဖ်ကို ခေါ်ယူခဲ့သလို အယ်လ်ခမာက ရိုင်ဒါစ်ကိုလည်း ပြောင်းရွှေ့ကြေး ယူရို (၁၉)သန်းအထိ အသုံးပြုပြီး ခေါ်ယူခဲ့ပါသေးတယ်။

Photo Credit : Sempre Milan

အသက် (၂၄)နှစ်အရွယ်ရှိ နယ်သာလန် ကွင်းလယ် ကစားသမား ရိုင်ဒါစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အယ်လ်ခမာအသင်းမှာ အကောင်းဆုံးသော စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၅၄)ပွဲအထိ ပါဝင်ကစားပေးရင်းနဲ့ သွင်းဂိုး (၇)ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုကိုလည်း (၁၂)ကြိမ်အထိ လုပ်ဆောင်နိုင်ခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း သူ့ကို ဥရောပ ထိပ်သီး ကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့ကြတာဖြစ်ပြီး ဒီထဲကမှ အေစီမီလန်က အရ ခေါ်ယူသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရိုင်ဒါစ် မီလန်ကို မရောက်ရှိခင်လေးမှာပဲ ဘာစီလိုနာ နည်းပြဖြစ်သူ ဇာဗီက သူ့ကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့သေးတယ်လို့ ရိုင်ဒါစ်ကိုယ်တိုင် ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : AC Milan

“ဇာဗီက ကျွန်တော့်ကို ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ဆက်သွယ်ခဲ့ပါသေးတယ်။ အေစီမီလန်အသင်းဆီ ပြောင်းရွှေ့ ကစားဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်နေတာမို့ ဒီ ဆက်သွယ်လာမှုက ကျွန်တော့်အတွက်တော့ မဖြစ်နိုင်တော့ပါဘူး။” လို့ ရိုင်ဒါစ်က ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

ရိုင်ဒါစ်ဟာ အယ်လ်ခမအသင်းကနေ အေစီမီလန်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို (၁၉)သန်း + အပိုဆုကြေးတိုနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လာမယ့် ရာသီ မီလန်ရဲ့ CM နဲ့ DM နေရာတွေမှာ ပါဝင် ကစားသွားရဖွယ် ရှိနေပါတယ်။