ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ စပိန် လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် အသင်းကနေ အင်္ဂလန် ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ စပိန် လက်ရွေးစင် ဘယ်နောက်ခံလူ ရီဂွယ်လွန် ကတော့ သူဟာ စပါးအသင်းမှာ ပျော်ရွှင်နေပေမယ့် အနာဂတ်မှာ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြန်လည် ပြောင်းရွှေ့ချင်ကြောင်း အရိပ်အမြွက် ဖွင့်ဟ ပြောပြ သွားခဲ့ပါတယ်။ အသက် ၂၄နှစ် အရွယ် စပိန် လက်ရွေးစင် ဘယ်နောက်ခံလူ ရီဂွယ်လွန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စပိန်ကလပ် ဆီဗီးလား အသင်းထံ အငှားနဲ့ သွားရောက် ကစားရမှ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အားထားရတဲ့ နောက်ခံလူ ဖြစ်လာလိမ့်မယ် လို့ ထင်ကြေး ပေးခံခဲ့ရပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းထံ ပြန်လည် ရောက်ရှိချိန်မှာတော့ နည်းပြဖြစ်သူ ဇီဒန်းရဲ့ စိတ်ကြိုက် ကစားသမား မဖြစ်ခဲ့တာကြောင့် စပါးအသင်းထံ ပြောင်းရွှေ့ခဲ့သူပါ။

Photo Credit: Sky Sports

ရီဂွယ်လွန်ဟာ ရီးရဲလ်မက်ဒရစ် အသင်းကနေ စပါးအသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး စပါးအသင်းထံ ရောက်ခါစမှာပဲ အသင်းနဲ့အတူ ချက်ချင်း အံဝင်သွားသလို ခြေစွမ်းလည်း ပြနိုင်တာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုရဲ့ ယုံကြည်မှုကို ရရှိခဲ့ပါတယ်။ ရီဂွယ်လွန် ဟာ လက်ရှိ ဘောလုံးရာသီမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၆ပွဲ ပါဝင် ကစားပေးထားပြီး ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ် ထားနိုင်ပါတယ်။ စပိန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ ရီးရဲလ်မက်ဒရစ် အသင်းဟာ အသင်းရဲ့ ဝါရင့် ကစားသမား ဖြစ်သူ မာဆယ်လိုကို အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ ဆုံးဖြတ် ထားတာကြောင့် စပါးအသင်းထံ ရီဂွယ်လွန်ကို ရောင်းချစဉ်က ထည့်သွင်းခဲ့တဲ့ ပြန်လည် ခေါ်ယူခွင့် အချက်ကို လာမယ့် နွေရာသီမှာ အသုံးချကာ ရီဂွယ်လွန်ကို အသင်းထံ ပြန်လည် ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Photo Credit: Sky Sports

ရီဂွယ်လွန်ဟာလည်း ငယ်စဉ်ကတည်းက ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာဖို့ ရည်မှန်းချက် ရှိသူ တစ်ဦးဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းကသာ သူ့ကို ခေါ်ယူဖို့ ကြိုးစားလာမယ် ဆိုပါက ရီးရဲလ်မက်ဒရစ် အသင်းထံ ပြန်လည် ပြောင်းရွှေ့နိုင်ချေ ရှိနေပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူး မှာလည်း ရီဂွယ်လွန်က အနာဂတ်မှာ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြန်လည် ပြောင်းရွှေ့နိုင်ပါက ဒါဟာ ကောင်းမွန်တဲ့ ကိစ္စတစ်ခု ဖြစ်ကြောင်း ဖြေဆိုသွားပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ပတ်သတ်ပြီး ရီဂွယ်လွန်က “တစ်နေ့မှာ ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြန်သွားဖို့လား…? ဒါက ကျွန်တော့် အပေါ်မှာ မမူတည်ပါဘူး။ ကျွန်တော်က ကျွန်တော်လုပ်ရမယ့် အလုပ်အပေါ်ပဲ အာရုံစိုက်ထားပါတယ်။ ဒါပေမယ့် အဲ့ဒီလိုသာ ဖြစ်လာမယ် ဆိုရင်တော့ တကယ်ကို ကောင်းမှာပါ” လို့ ပြောကြား သွားခဲ့တာပါ။