ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းရဲ့ အဓိက ဘယ်နောက်ခံလူ ရယ်ဂီလွန်ဟာ ယမန်နေ့ညမှာ ကစားခဲ့တဲ့ နယူးကာဆယ် ၂-၃ စပါး ပွဲစဉ်မှာ ဘောလုံးပွဲကြည့်ရှုနေရင်း နှလုံးထဖောက်ခဲ့တဲ့ ပရိသတ်တဦးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ အဓိက သူရဲကောင်း ဖြစ်ကြောင်း သိရပါတယ်။

စပါးအသင်းက နယူးကာဆယ်အသင်းကို အဝေးကွင်းမှာ ပွတ်ကာသီကာ အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဘောလုံးပွဲကို လာရောက် ကြည့်ရှုတဲ့ ပရိသတ် တဦးဟာ ရုတ်တရတ် နှလုံးဖောက်ကာ လဲကျသွားခဲ့ပြီး အနီးမှာ ရှိတဲ့ ပရိသတ်တွေဟာ အဆိုပါ ပရိသတ်တွေကို အရေးပေါ် အသက်ကယ်မှု နည်းလမ်းတွေနဲ့ ကုသခဲ့ရပါတယ်။

Photo Credit: Mirror

အဆိုပါ အဖြစ်အပျက်ကို ပထမဦးဆုံး မြင်တွေ့တဲ့ ကစားသမားဟာ ရယ်ဂီလွန် ဖြစ်ပြီး ရယ်ဂီလွန်ဟာ ပရိသတ်တဦး အသက်အန္တရာယ်နဲ့ ကြုံနေရတာကို သိသိချင်းပဲ ကွင်းလယ်ဒိုင်ဆီ အပြေးအလွှား သွားကာ ပွဲကို ခေတ္တ ရပ်တန့်ဖို့နဲ့ အသင်းရဲ့ ဆေးအဖွဲ့တွေကို အဆိုပါ ပရိသတ်ဆီ စေလွှတ်ကာ ဆေးကုသမှု ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကွင်းလယ်ဒိုင် မာရီနာက ပွဲကို ချက်ချင်း ရပ်တန့်ခဲ့ပြီး ဆေးအဖွဲ့တွေကိုလည်း ပွဲကြည့်စင်ပေါ်ကို သွားရောက်ကာ လဲကျသွားတဲ့ ပရိသတ်ကို ဆေးကုသမှု ပြုလုပ်ပေးဖို့ စေခိုင်းခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အဆိုပါ ပရိသတ်ဟာ အသက်အန္တရာယ် ကနေ ကင်းလွတ်သွားသလို ရယ်ဂီလွန်ကလည်း နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တာထက် ပရိသတ် တဦးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တာကြောင့် ပိုမို ပျော်ရွှင်မိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Mirror

ရယ်ဂီလွန်က – “ သုံးမှတ်နဲ့ အိမ်ပြန်ရတဲ့ အချိန်တိုင်းက ပျော်စရာ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော့် အတွက် လဲကျသွားတဲ့ ပရိသတ်ရဲ့ ကျန်းမာရေး ပြန်လည် တည်ငြိမ်သွားပြီ ဆိုတဲ့ သတင်းကို ကြားရတာက ပိုပြီး ပျော်ရွှင်စရာ ကောင်းပါတယ်။ ကျွန်တော်က ပရိသတ်တွေ လက်ဝှေ့ယမ်းပြီး အချက်ပြတာကို မြင်ခဲ့ပါတယ်။ အဲ့ဒီနောက် ပရိသတ် တဦး လဲကျသွားတာကို ကျွန်တော် မြင်လိုက်ရတယ်။ အဲ့ဒီမှာပဲ တခုခု မှားယွင်းနေတာကို ကျွန်တော် သိလိုက်ပြီး ကွင်းလယ်ဒိုင်ကလည်း ပွဲကို ချက်ချင်း ရပ်တန့်ခဲ့ပါတယ်။ အခုတော့ အရာအားလုံး အဆင်ပြေသွားပါပြီ” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။