ဘရန့်ဖို့ဒ်အသင်းမှာ အငှားနဲ့ သွားရောက် ကစားနေရတဲ့ စပိန် ဘယ်နောက်ခံကစားသမား ဆာဂျီယို ရယ်ဂီလွန်က သူ့အနေနဲ့ ဘာကြောင့် တော့တင်ဟမ် ဟော့စပါးအသင်း(ရယ်ဂီလွန်ရဲ့မူလကလပ်)မှာ ကစားခွင့် မရနေတာလဲ ဆိုတာကို လုံးဝ နားမလည်နိုင်ဘူးလို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၇)နှစ်အရွယ်ရှိ ဘယ်နောက်ခံလူ ရယ်ဂီလွန်ဟာ ရီးယဲလ်မက်ဒရစ် ဆီဗီလာတို့ရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၀ခုနှစ်ကမှ စပါးအသင်းဆီ ရောက်ရှိလာရင်း စပါးအသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။

Photo Credit : UOL

ဒါပေမယ့် စပါးအသင်းမှာ နည်းပြအပြောင်းအလဲတွေ ဆက်တိုက် ဖြစ်ပေါ်လာခဲ့ပြီးနောက်ပိုင်း ရယ်ဂီလွန်က စပါးအသင်းမှာ နေရာမရနိုင်တော့ပဲ အသက်လက်တီကို မန်ယူနိုက်တက်နဲ့ ဘရန့်ဖို့ဒ်အသင်းတွေထိပါ အငှားစာချုပ်တွေနဲ့ ဆက်တိုက် ပြောင်းရွှေ့ကစားခဲ့ရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရယ်ဂီလွန်က “ကျွန်တော်က အခြေအနေအရပ်ရပ်ကို အခုထိ နားမလည်နိုင်သေးပါဘူး။ ရာသီကြိုတုန်းက ကျွန်တော် စပါးမှာ ပျော်နေတယ်။ ပိုစတီကိုဂလူးလည်း ကျွန်တော် ရှိနေလို့ သူကျေနပ်နေတယ်။ ကျွန်တော်လည်း သာမန်ကစားသမား တစ်ဦးလို ပုံစံမျိုးနဲ့ ပွဲတိုင်းလည်း ကစားခဲ့ရတယ်။”

Photo Credit : Sky Sports

“နောက်ပြီး ကျွန်တော် နည်းပြကို မေးလိုက်သေးတယ်။ ကျွန်တော် ကလပ်အသင်းရဲ့ လူစာရင်းမှာ ဆက်ရှိနေဦးမလားဆိုတော့ သူက မင်း ငါရဲ့လူစာရင်းထဲမှာ ပါဝင်နေတယ်လို့ ဖြေခဲ့သေးတယ်။ ဒါပေမယ့် နောက်ရက်လည်းကျရော ကျွန်တော်က လေ့ကျင့်ခန်း အစီအစဉ်မှာတောင် မပါတော့ပဲ ဖြစ်သွားရတယ်။ ဘာတွေ ဖြစ်သွားလဲဆိုတာ ကျွန်တော်လည်း မသိခဲ့ရဘူး။”

“ကျွန်တော် စပါးမှာ ကစားနိုင်တယ်ဆိုတာ သိထားပေမယ့် ဘောလုံးမှာက ကစားသမားတွေဘက်ကနေ ထိန်းချုပ်လို့ မရနိုင်တာတွေက အများကြီးပါပဲ။ နောက်ပြီး ကျွန်တော်က အရံခုံမှာထိုင်ပြီး အသင်းရဲ့ ပွဲတွေကို ကြည့်မနေချင်ဘူး။ ကျွန်တော် (၂၇)နှစ် ရှိနေပြီ။ ကျွန်တော် ဘောလုံး အများကြီး ကစားရဖို့ လိုပါတယ်။ ဒါပေမယ့် တစ်ရက်ကို “yes” နောက်ရက်ကို “no” ဆိုပြီး ပြောနေတာကိုပဲ နားမလည်တာ။ ဒါက ခြေစွမ်းပိုင်းကြောင့် ဖြစ်လာတာလို့တော့ ကျွန်တော် မထင်ဘူး။ တခြားအကြောင်းပြချက်ကြောင့်ပဲ ဖြစ်မယ်ထင်တယ်။ ဘောလုံးက စီးပွာရေးဆန်လာပါပြီ။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။