ဒီနှစ်ဘောလုံးရာသီမှာ ဝီဂန်အသင်းကနေ အငှားစာချုပ်ပြည့်သွားခဲ့လို့ မူလကလပ်အသင်း ချယ်လ်ဆီးအသင်းကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ လူငယ်နောက်ခံကစားသမားလေး ရီးစ်ဂျိမ်းစ်ဟာ အသင်းကို ပြန်ရောက်လာချိန်မှာပဲ နည်းပြဖရန့်လမ်းပတ်ရဲ့ စိတ်ချယုံကြည်စွာ နေရာပေးမှုကို ပိုင်ဆိုင်ခဲ့ရပြီး အသင်းရဲ့ညာခြမ်းခံစစ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ သူရဲ့ပြေးအားတွေ အတိုးအလှုပ်တွေနဲ့ ဖြတ်တင်ဘောတွေက အသင်းရဲ့တိုက်စစ်အတွက်ကိုပါ ကူညီပေးနိုင်ခဲ့သလို အသင်းရဲ့ခံစစ်အတွက်လည်း အထောက်အကူပြုအောင် ကစားပေးနိုင်ခဲ့ပါတယ်။

အသက်၂၀အရွှယ်သာရှိသေးတဲ့ လူငယ်နောက်ခံအစွန်လူရီးစ်ဂျိမ်းစ်ဟာ ချယ်လ်ဆီးအသင်းရဲ့အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး အသင်းနဲ့ စတင်ပူးပေါင်းချိန်မှာတုန်းက ချယ်လ်ဆီးအသင်း စီနီယာကစားသမားကြီးဖြစ်တဲ့ ဂျွန်တယ်ရီတို့လို ကစားသမားတွေဆီကနေ အမှတ်တရလက်မှတ်ထိုးပေးထားတဲ့ ချယ်လ်ဆီးဂျာစီတွေကို ပိုင်ဆိုင်ခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ရီးစ်ဂျိမ်းစ်က “ကျွန်တော်အသင်းရဲ့အဝတ်လဲခန်းထဲကို စတင်ရောက်ရှိခဲ့တုန်းက အသင်းရဲ့စီနီယာကစားသမားကြီးတွေအားလုံး လက်မှတ်ထိုးထားတဲ့ ဂျာစီတစ်ထည်ကို လက်ဆောင်ရခဲ့ပါတယ်”

“အဲ့ဒီဂျာစီမှာ ဂျွန်တယ်ရီတို့လို အသင်းရဲ့ဂန္တဝင်ကစားသမားကြီးတွေရဲ့ အမှတ်တရလက်မှတ်တွေပါသလို လက်ရှိ ကျွန်တော်တို့အသင်းရဲ့နည်းပြကြီးလမ်းပတ်ရဲ့လက်မှတ်လည်း ပါဝင်ပါတယ်။ အဲ့ဒီဂျာစီက ကျွန်တော့်မိဘတွေအိမ်မှာ ခုထိကို ရှိနေပါသေးတယ်။ ကျွန်တော့်အိပ်ရာရဲ့အပေါ်မှာ ခုထိချိတ်ဆွဲထားပါတယ်။ သူ့ကိုဒါတော့ မပြောဖူးဘူး။ သူလည်းသိလောက်မယ် မထင်ပါဘူး။ ဒါပေမယ့် သူကတော့ အဲ့ဒီနေရာမှာ ရှိလို့နေပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဆက်လက်ပြီး ရီးစ်ဂျိမ်းစ်က လမ်းပတ်ဟာ ဒါဘီကောင်တီအသင်းကို ကိုင်တွယ်နေစဉ်အတွင်းက သူ့ကို ဝီဂန်အသင်းကနေ ခေါ်ယူဖို့ကြိုးစားခဲ့ဖူးပြီး သူအနေနဲ့ ဝီဂန်မှာပဲ ဆက်ရှိချင်နေသေးတာဖြစ်လို့ ကမ်းလှမ်းမှုငြင်းဆန်ခဲ့ကာ လမ်းပတ်က ချယ်လ်ဆီးဖြစ်လာချိန်မှာလည်း သူ့ကို အငှားချခြင်းမလုပ်တော့ပဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားခဲ့တာဖြစ်တယ်လို့ ရှင်းပြသွားခဲ့ပါတယ်။