ချယ်လ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီး ညာနောက်ခံကစားသမား ရီးစ်ဂျိမ်း်စ်ဟာ ချယ်လ်ဆီးအတွက် အားအထားရဆုံး ကစားသမား ဖြစ်နေပေမယ့် သူရဲ့ မဆုံးနိုင်တော့တဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် ဘောလုံးပရိသတ် တချို့က ရီးစ်ဂျိမ်းစ်ကို ကစားသမားဘဝကနေ အနားယူလိုက်ဖို့အထိပါ ပြောဆိုလာကြပါတယ်။

အသက် (၂၄)နှစ်သာ ရှိနေသေးတဲ့ ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်ဟာ ချယ်လ်ဆီး လူငယ်အကယ်ဒမီဆီကို အသက်ငယ်ငယ်လေးကတည်းက ရောက်ရှိနေခဲ့တာဖြစ်ပြီးတော့ ဝီဂန်မှာ တစ်ရာသီ အငှားချပြီးတဲ့နောက် ချယ်လ်ဆီး စီနီယာအသင်းကြီးမှာ စတင် ကစားခွင့် ရရှိလာခဲ့ပါတော့တယ်။

Photo Credit : We Ain’t Got No Histroy

ချယ်လ်ဆီးအသင်းရဲ့ ညာခြမ်းခံစစ်ပိုင်းမှာ နေရာတစ်နေရာ အခိုင်အမာ ရလာခဲ့သလို အသင်းခေါင်းဆောင် ရာထူးအထိပါ ရရှိလာခဲ့တဲ့ ရီးစ်ဂျိမ်းစ်ဟာ အမျိုးမျိုးသော ဒဏ်ရာ ပြဿနာပေါင်းစုံပါ ရရှိလာခဲ့ရင်း တောက်ပနေတဲ့ ကစားသမားဘဝက အဟန့်အတား ဖြစ်လာခဲ့ရပါတယ်။

ရီးစ်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက ဒဏ်ရာတွေကြောင့် အသင်းအတွက် ပြိုင်ပွဲစုံ (၁၁)ပွဲအထိသာ ကစားခဲ့ရသလို ခွဲစိတ်မှုတွေလည်း ခံယူခဲ့ရပါသေးတယ်။ အခုရာသီမှာလည်း ရာသီအစ ပွဲပယ်ပြစ်ဒဏ်အပြင် တံကောက်ကြောဒဏ်ရာကြောင့် ရက်ပေါင်း (၆၀)ကျော် ချယ်လ်ဆီးအသင်းရဲ့ ပွဲပေါင်း (၁၁)ပွဲအထိ လွဲချော်ခဲ့ရပြန်ပါတယ်။

Photo Credit : BBC

အခုလည်း အသင်းအတွက် ပွဲကစားတာ သိပ်မကြာသေးခင်ကမှပဲ ရီးစ်ဂျိမ်းစ်က တံကောက်ကြောဒဏ်ရာ ထပ်မံ ရရှိနေလို့ လက်စတာနဲ့ပွဲအတွက် လေ့ကျင့်ခန်း အစီအစဉ်မှာ မပါဝင်နိုင်ခဲ့ကြောင်း ချယ်လ်ဆီးနည်းပြ မာရက်စ်ကာက ထုတ်ဖော် ပြောကြားထားခဲ့ပါတယ်။ ဒီလို ဒဏ်ရာပြီးဒဏ်ရာ ထပ်ဆင့်ရနေတဲ့ ရီးစ်ဂျိမ်းစ်ကို ဘောလုံးပရိသတ်တွေက “ဒါက စိတ်မကောင်းဖို့ကောင်းတယ်။ ခမ်းနားတဲ့ အရည်အချင်းတွေ အဆုံးသတ်ရပြီ။”

“ဘောလုံးသမားဘဝကနေ အနားယူလိုက်ဖို့ လိုအပ်နေပါပြီ။” “ဒီအချိန်မှာ သူ အနားယူလိုက်သင့်တယ်။ သူက လမ်းတောင်မလျှောက်နိုင်တော့ဘူး။” “သူကတော့ အဆုံးသတ်သွားပါပြီ။ ဒါက စိတ်မကောင်းစရာပါ။” “သူက ၂၀၂၅ ဧပြီလမှပဲ ကစားနိုင်တော့မယ်။ ပြီးရင်တော့ ဒဏ်ရာထပ်ရမယ်။ ဒါကို အကြိမ်ပေါင်းမက မြင်နေရတယ်။ ညီအစ်ကိုက ဖန်သားတွေနဲ့ လုပ်ထားတာ ဖြစ်မယ်။” လို့ ရေးသားလာကြပါတယ်။