Football Transfer သတင်းမီဒီယာရဲ့ သတင်းဖော်ပြချက်များအရ ချယ်လ်ဆီးအသင်း အသင်းခေါင်းဆောင် ညာနောက်ခံကစားသမား ရီးစ်ဂျိမ်းစ်ရဲ့ အေးဂျင့်ဖြစ်သူက ဘာစီလိုနာအသင်း ဘင်ဖီကာအသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စ ချိတ်ဆက်မှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် အင်္ဂလန် ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်ဟာ ချယ်လ်ဆီး အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး အသင်းရဲ့ အမာခံ ကစားသမားလည်း ဖြစ်ပေမယ့်လည်း ဒဏ်ရာ ပြဿနာတွေ မကြာခဏ ရရှိနေတာက ရီးစ်ဂျိမ်းစ်ရဲ့ ကစားသမားဘဝအတွက် အကြီးမားဆုံး အဟန့်အတားကြီး ဖြစ်နေစေပါတယ်။

Photo Credit : The Independent

ရီးစ်ဂျိမ်းဟာ အခု ဘောလုံးရာသီမှာလည်း ကြွက်သားဒဏ်ရာကြောင့် အခုထိ ချယ်လ်ဆီးအတွက် တစ်ပွဲမှကို ပါဝင် ကစားထားနိုင်ခြင်း မရှိသေးသလို ပြီးခဲ့တဲ့ ရာသီကဆိုရင်လည်း ခွဲစိတ်မှု ခံယူရတာနဲ့ တံကောက်ကြော ဒဏ်ရာတွေနဲ့ နှိပ်စက်မှုတွေကြောင့် ပြိုင်ပွဲစုံကို (၁၁)ပွဲတည်းသာ ကစားနိုင်ခဲ့ရပါတယ်။

ရီးစ်ဂျိမ်းစ်က ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမယ့်လည်း တံကောက်ကြောဒဏ်ရာ ၊ ဒူးဒဏ်ရာနဲ့ ကြွက်သားဒဏ်ရာတွေကြောင့် အသင်းရဲ့ ပွဲစဉ်ပေါင်း (၁၀၀)ခန့်အထိ လွဲချော်ထားခဲ့ရပြီး ဒီလထဲမှာတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပြီပဲ ဖြစ်ပါတယ်။

Photo Credit : We Ain’t Got No History

အခုတော့ ရီးစ်ဂျိမ်းစ်ရဲ့ အေးဂျင့်တွေက သူ့ကစားသမားကို ပရီးမီးယားလိဂ်ပြင်ပက ကလပ်အသင်းတွေဆီမှာ ကစားခွင့်ရဖို့အတွက် ဘာစီလိုနာနဲ့ ဘင်ဖီကာအသင်းတွေနဲ့ ချဉ်းကပ် ဆက်သွယ်မှုတွေ လုပ်ဆောင်လာခဲ့ပြီး အပြောင်းအရွှေ့ကိစ္စတွေ ဆွေးနွေးနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

ဒါပေမယ့် ခက်တာကတော့ ရီးစ်ဂျိမ်းစ်ရဲ့ ဒဏ်ရာ မှတ်တမ်းတွေဖြစ်ပြီး အရည်အသွေးကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်လင့်ကစား ဒဏ်ရာတွေကြောင့် မကြာခဏ အနားယူနေရတာကို ကလပ်အသင်းတွေအနေနဲ့ အသေအချာ စဉ်းစားဖွယ်လည်း ရှိလာနိုင်ပါတယ်။