MySport Myanmar

အိုဒီဂတ်က လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူပါလို့ ရက်နပ် ချီးကျူး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂျေမီ ရက်နပ်က အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ အိုဒီဂတ်ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူပါလို့ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် နော်ဝေလက်ရွေးစင် အသင်းခေါင်းဆောင် ကွင်းလယ်တိုက်စစ် ကစားသမား အိုဒီဂတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် ကနေ အာဆင်နယ်ထံ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ရာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် အာဆင်နယ်က သူ့ကို ယခုနှစ် ဘောလုံးရာသီ အစမှာပဲ ပြောင်းရွှေ့ကြေး ယူရို ၃၅သန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့ပါတယ်။

Photo Credit: Metro

အာဆင်နယ်က အိုဒီဂတ်ကို အပြီးသတ် ခေါ်ယူခဲ့ပြီးနောက် ကစားသမားတွေ အားလုံးရဲ့ သဘောတူညီချက်နဲ့ အသင်းခေါင်းဆောင်ရာထူးကို ပေးအပ်ခဲ့ပြီး အိုဒီဂတ်ကလည်း အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်ရာထူးနဲ့ ထိုက်တန်ကြောင်းကို သူ့ရဲ့ ခေါင်းဆောင်မှုစွမ်းရည် ၊ ဂိုးသွင်းစွမ်းရည် ၊ ဖန်တီးမှုစွမ်းရည်တို့နဲ့ သက်သေပြခဲ့ပါတယ်။

အိုဒီဂတ်က ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၃၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ နာမည်ကြီး ဘောလုံးရေးရာ သုံးသပ်သူ ရက်နပ်က သူ့ကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူ အဖြစ် ချီးကျူးသွားခဲ့တာပါ။

Photo Credit: Metro

ရက်နပ်က – “အခုချိန်မှာတော့ အိုဒီဂတ်က ပရီးမီးယားလိဂ်ရဲ့ နံပါတ်တစ် ကွင်းလယ်လူပဲ။ သူ့ထက် ပိုကောင်းတဲ့ ကွင်းလယ်လူ ဆိုတာ မရှိပါဘူး။ အရင်တုန်းကတော့ ကျွန်တော်တို့က ဒီဘရိုင်းကို ပရီးမီးယားလိဂ်မှာတင် မဟုတ်ပဲ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ အဖြစ်ပါ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီတခါတော့ မဟုတ်တော့ပါဘူး။ အိုဒီဂတ်က ဘောလုံးရတဲ့ အချိန်တိုင်းမှာ ကြီးကျယ်တဲ့ ကစားသမားတွေပဲ လုပ်ပြနိုင်တဲ့ အရာတွေကို လုပ်ပြနိုင်ပါတယ်။ သူက ပွဲတွေ အများကြီး ကစားနိုင်သလို ကျဉ်းမြောင်းတဲ့ နေရာလွတ်တွေထဲမှာလည်း အကောင်းဆုံး လုပ်ပြနိုင်ခဲ့ပါတယ်။ ဖူလ်ဟမ်နဲ့ပွဲမှာ ရသွားတဲ့ သွင်းဂိုးကို ကြည့်မယ် ဆိုရင်လည်း သူ့နေရာမှာ တခြား ကွင်းလယ်လူ တယောက်ဆို ဂိုးထဲကို ကန်ထည့်ဖို့ပဲ စိတ်လောနေမှာပါ။ ဘာကြောင့်လဲဆိုတော့ ကွင်းလယ်လူတွေက အဲ့ဒီလိုမျိုး အခြေအနေတွေနဲ့ သိပ်မကြုံရဘူးလေ။ ဒါပေမယ့် အိုဒီဂတ်ကတော့ ဂိုးထဲကို ကန်ထည့်မယ့် အစား အချိန်ယူပြီး သေချာ စဉ်းစားခဲ့ပါတယ်” လို့ အိုဒီဂတ်ကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version