ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းနဲ့ စပါးအသင်းတို့ရဲ့ ကစားသမားဟောင်း ဖြစ်ခဲ့ဖူးပြီး လက်ရှိအချိန်မှာ Sky Sports ရုပ်သံဌာနမှာ ဘောလုံးရေးရာ သုံးသပ်သူအဖြစ် လုပ်ကိုင် နေတဲ့ ဂျင်မီရက်နပ်ကတော့ ပရီးမီးယားလိဂ်ကို ပြန်လည်စတင်တဲ့ အချိန်မှာ မန်ယူအသင်းကို ပြိုင်ဘက်အသင်းတွေဟာ ကြောက်ရွံ့နေမယ်လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။ ရက်နပ်ဟာ မန်ယူအသင်းရဲ့ အဓိက ကစားသမားနှစ်ဦး ဖြစ်တဲ့ ပေါ့ဘာနဲ့ ရက်ဖို့ဒ်တို့ ဒဏ်ရာကနေ ပြန်လည် သက်သာလာကာ ပွဲကစားဖို့အတွက် ကြံ့ခိုင်မှု ပြည့်ဝနေတာကို သဘောကျနေပြီး ရက်ဖို့ဒ်ဟာ ပြိုင်ဘက်အသင်းတွေ ရှိန်စေမယ့် ကစားသမားတစ်ဦး ဖြစ်တယ်လို့လည်း ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Metro

မန်ယူအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်၅နေရာမှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး လာမယ့် ဘောလုံးရာသီမှာ ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရဖို့အတွက် လက်ကျန် ပွဲစ​ဉ် ၉ပွဲစလုံးမှာ အမှားခံလို့ မရတဲ့ အနေအထား တစ်ရပ်မှာ ရှိနေပါတယ်။ အရေးကြီးတဲ့ အချိန် ကို ရောက်ရှိနေတဲ့ အချိန်မှာ အသင်းရဲ့ အဓိက ကစားသမား နှစ်ဦးဖြစ်တဲ့ ရက်ဖို့ဒ်နဲ့ ပေါ့ဘာတို့ ကာလရှည် အနားယူခဲ့ရတဲ့ ဒဏ်ရာပြဿနာ ကနေ ပြန်လည် သက်သာလာတာဟာ မန်ယူ အသင်းအတွက် သတင်းကောင်းတစ်ခု ဖြစ်ခဲ့ပြီး အထူးသဖြင့် လက်ရှိ ဘောလုံးရာသီမှာ အသင်း အတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ပွဲ ပါဝင် ကစားပေးထားရာမှာ ၁၄ဂိုး သွင်းယူထားနိုင်ခဲ့ကာ ၅ဂိုးအထိ ဖန်တီးပေးထားနိုင်တဲ့ ရက်ဖို့ဒ် က ဒဏ်ရာကနေ ပြန်လည် သက်သာလာတာ ဟာ မန်ယူအသင်းအတွက် အတော်လေး အားတက်စရာပါပဲ။

Photo Credit: Metro

ရက်နပ်ကလည်း ရက်ဖို့ဒ်တစ်ယောက် ဒဏ်ရာကနေ ပြန်လည် သက်သာလာတာဟာ မန်ယူအသင်းကို ပြိုင်ဘက်အသင်းတွေက ကြောက်ရွံ့စေနိုင်တဲ့ အချက်ဖြစ်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။ မန်ယူအသင်းနဲ့ ပတ်သတ် ပြီး ရက်နပ်က ” မန်ယူအသင်းအတွက် အရေးကြီးတဲ့ ကစားသမားတွေက ပြန်လာနေပါပြီ။ ခင်ဗျားက အခုချိန်မှာ မန်ယူအသင်းကို ကြည့်လိုက်မယ် ဆိုရင် ရက်ဖို့ဒ်ဟာ သူတို့ဆီကို ပြန်ရောက်နေပြီဆိုတာကို မြင်ရမှာပါ။ သူ ဒဏ်ရာကနေ ပြန်လည် သက်သာလာတာဟာ မန်ယူအသင်းအတွက် အရမ်းကို ကောင်းမွန်ပါတယ်။ ဒါက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ကို ခေါ်ယူလိုက်တာနဲ့တောင် အလားသဏ္ဌာန် တူနေပါတယ်။ ဒီတော့ ကျွန်တော်ကတော့ မန်ယူအသင်းဟာ အခွင့် အရေးကောင်းတွေ အများကြီး ပိုင်ဆိုင်နေပြီလို့ ပြောချင်ပါတယ်။ ပြီးတော့ သူတို့အသင်းရဲ့ ကွင်းလယ်ကို ကြည့်လိုက်ရင်လည်း တကယ်ကို မယုံနိုင်စရာပါပဲ။ ပေါ့ဘာ ပြန်ရောက်လာမှုနဲ့အတူ သူတို့ရဲ့ စုဖွဲ့မှုက အားကောင်းသွားပါပြီ။ အခုချိန်မှာ ပရီးမီးယားလိဂ်အသင်းတွေဟာ သူတို့အသင်းနဲ့ ရင်ဆိုင်ကစားရဖို့ ထိတ်လန့် နေလောက်ပါပြီ။ ချယ်လ်ဆီးအသင်းအတွက် လည်း ဖိအားတွေ ပိုတိုးလာတာပေါ့ ” လို့ သုံးသပ် ပြောဆိုသွားခဲ့တာပါ။