အင်္ဂလန် ဝါရင့်နည်းပြကြီး တစ်ဦး ဖြစ်တဲ့ ဟယ်ရီ ရက်နပ်ဒ် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းရဲ့ ဂိုးသမား ရိုမဲရိုးကို လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံအသင်း ဖြစ်တဲ့ လီဗာပူးအသင်းက ခေါ်ယူသင့်ကြောင်း Sky Sports သတင်းဌာနမှာ ဘောလုံးရေးရာ သုံးသပ်မှု ပြုလုပ်ခဲ့စဉ်က ပြောကြား သွားခဲ့ပါတယ်။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ အာဂျင်တီးနား ဂိုးသမား ရိုမဲရိုးဟာ ပြီးခဲ့တဲ့နှစ်တွေမှာ မန်ယူအသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမား တစ်ဦး ဖြစ်ပေမယ့် လက်ရှိ ဘောလုံး ရာသီမှာတော့ အသင်းရဲ့ တက်သစ်စ လူငယ် ဂိုးသမား ဟန်ဒါဆန်ကြောင့် တတိယ ဦးစားပေး ဂိုးသမားအဆင့်ကို လျှောကျသွားတဲ့ ဂိုးသမား တစ်ဦး ဖြစ်ပြီး မန်ယူအသင်းကနေ ထွက်ခွာခွင့် ရရှိထားတဲ့ ကစားသမား တစ်ဦးပါ။

Photo Credit: Sports Bible

ရိုမဲရိုးဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တစ်ဦး ဖြစ်တာကြောင့် ကုန်ဆုံးသွားတဲ့ နွေအပြောင်းအရွှေ့ အတွင်းမှာ မန်ယူအသင်းဟာ သူ့ကို ရောင်းချဖို့အတွက် ကြိုးစားခဲ့ပေမယ့် ရိုမဲရိုးဟာ အသင်းမှာပဲ ဆက်လက် ကျန်ရှိနေခဲ့ပါတယ်။ လက်ရှိ အချိန်မှာတော့ ရိုမဲရိုးကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် အသင်းတစ်သင်း ဖြစ်တဲ့ အဲဗာတန်အသင်းက စိတ်ဝင်စားနေပြီး အဲဗာတန်အသင်းဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ အာရုံစူးစိုက်မှု ကျဆင်းလာတဲ့ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ပစ်ဖို့ဒ်ကို ဖိအားပေးဖို့ အတွက် ရိုမဲရိုးကို ခေါ်ယူချင်လာတာပဲ ဖြစ်ပါတယ်။ ဝါရင့် နည်းပြကြီး တစ်ဦး ဖြစ်တဲ့ ရက်နပ်ဒ် ကတော့ လက်ရှိမှာ ရိုမဲရိုးကို လိုအပ်နေတာဟာ အဲဗာတန်အသင်း မဟုတ်ပဲ လီဗာပူးအသင်းသာ ဖြစ်တယ် လို့ ဆိုသွားပါတယ်။

Photo Credit: Sports Bible

လီဗာပူးအသင်းဟာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဲလစ်ဆန်ကို ဒဏ်ရာကြောင့် ၆ပတ်ခန့် လက်လွှတ်ရမယ့် အသင်းဖြစ်ပြီး အသင်းရဲ့ အရန်ဂိုးသမားဖြစ်တဲ့ အက်ဒရီယန်ရဲ့ လက်စွမ်းဟာလည်း ဆိုးရွားနေတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ရက်နပ်ဒ်က လီဗာပူးအသင်းဟာ ရိုမဲရိုးကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း သွားခဲ့တာပါ။ ရက်နပ်ဒ်က ” ခင်ဗျားတို့ တွေးကြည့်စမ်းပါ။ သူ(ရိုမဲရိုး)က လီဗာပူးအသင်းကို ပြောင်းသင့်တဲ့ ကစားသမားပါ။ လီဗာပူးအသင်းက ဂိုးသမား တစ်ဦး လိုပါတယ်။ သူတို့က အဲဗာတန်အသင်း ထက် လက်ရှိမှာ ဂိုးသမားတစ်ဦးကို ပိုပြီး လိုအပ်နေတဲ့ အသင်းပဲ ဖြစ်ပါတယ် ” ဆိုပြီး ပြောကြား သွားခဲ့တာပါ။