မနေ့ညက နောဝစ်ချ်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်းမှာ ဧည့်သည်အာဆင်နယ်အသင်းက သွင်းဂိုး(၅)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ၂၀၀၉ခုနှစ်က ဂွတ်ဒီဆင်ပတ် ကွင်းအတွင်း အိမ်ရှင်အဲဗာတန်အသင်းကို (၁)ဂိုး (၆)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နောက်ထပ်ဂိုးပြတ်နိုင်ပွဲ တစ်ပွဲကို ထပ်မံရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Arsenal Twitter

အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက် အဲဗာတန်အသင်းတွေနဲ့ ဆက်တိုက်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် အဝေးကွင်း(၂)ပွဲဆက်ကို အရေးနိမ့်ခဲ့ပြီးနောက်မှာ ပရီးမီးယားလိဂ် (၄)ပွဲဆက်တိုက် အနိုင်ရထားခဲ့ပြီး လိဂ်ဖလား ကွာတားဖိုင်နယ်မှာလည်း ဆန်းဒါလန်းအသင်းကို ဂိုးပြတ်အနိုင်ယူကာ ဆီမီးဖိုင်နယ်ကို တတ်လှမ်းထားခဲ့ရပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေ ပြသနေတဲ့ အာဆင်နယ်အသင်းဟာ မနေ့ညက နောဝစ်ချ်နဲ့ ပွဲစဉ်မှာလည်း ဆာခါရဲ့ သွင်းဂိုး(၂)ဂိုး လာကာဇက်ရဲ့ ပင်နယ်တီဂိုးတွေအပြင် တီယာနေး စမစ်ရိုးတို့ရဲ့ သွင်းဂိုးတွေနဲ့ အဝေးကွင်းမှာ (၅)ဂိုးပြတ်နဲ့ကို အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Arsenal Twitter

အာဆင်နယ်အသင်းအနေနဲ့ ၁၉၉၉ခုနှစ် ဧပြီလတုန်းက မစ်ဒယ်ဘရော့အသင်းကို အဝေးကွင်းမှာ (၁)ဂိုး (၆)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရထားဖူးသလို ၂၀၀၉ခုနှစ်မှာလည်း အဲဗာတန်အသင်းကို ဂွတ်ဒီဆင်ပတ်ကွင်းမှာ (၁)ဂိုး(၆)ဂိုးနဲ့ အပြတ်အသတ် အနိုင်ယူထားတာ ဖြစ်ပါတယ်။ အဲဗာတန်ကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီးနောက် (၁၂)နှစ်အကြာမှာပဲ နောဝစ်ချ်ကို (၅)ဂိုးပြတ်နဲ့ ထပ်မံအနိုင်ယူခဲ့တာဖြစ်ပြီး အသင်းရဲ့ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေပါ ရှင်သန်လာခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ ယူနိုက်တက် အဲဗာတန်အသင်းတို့နဲ့ အဝေးကွင်း ပွဲစဉ်တွေကို ဆက်တိုက်အရေးနိမ့်ခဲ့ရပေမယ့် လိဒ်စ်ယူနိုက်တက် နောဝစ်ချ်စီးတီးတို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်တွေမှာ (၂)ပွဲဆက်တိုက် ဂိုးပြတ်အနိုင်ရခဲ့သလို တိုက်စစ်ကလည်း သွင်းဂိုး(၉)ဂိုးထိကို သွင်းယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်နည်းပြ မီခယ်အာတီတာကတော့ လက်ရှိ အသင်းရဲ့ ရလဒ်တွေ ပြန်လည်ကောင်းမွန်နေခြင်းနဲ့ အသင်းရဲ့ စွမ်းဆောင်ရည်တွေ ကောင်းမွန်နေခြင်းအပေါ် ကျေနပ်လျက် ရှိနေပြီး ဒီအတိုင်း ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်တယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။