MySport Myanmar

မန်ယူပါ စိတ်ဝင်စားလာတဲ့ ပူလီဆစ်အတွက် ယူရိုသန်း(၆၀)အဖြစ် ဈေးသတ်မှတ်

လီဗာပူးလ်အပြင် မန်ချက်စတာ ယူနိုက်တက်အသင်းကပါ စိတ်ဝင်စားလျက် ရှိနေတဲ့ တောင်ပံတိုက်စစ် ကစားသမား ခရစ္စတီယန် ပူလီဆစ်အတွက် အေစီမီလန်အသင်းကနေ ပြောင်းရွှေ့ကြေး ယူရို သန်း(၆၀)အထိ ဈေးသတ်မှတ်ထားတယ်လို့ အီတလီ အခြေစိုက် သတင်းမီဒီယာ CalcioMercato ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၆)နှစ်အရွယ် အမေရိကန် လက်ရွေးစင် ညာတောင်ပံကစားသမား ပူလီဆစ်ဟာ ဒေါ့မွန်အသင်းနဲ့အတူ သူရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့ရင်း အဲ့ဒီကနေ ချယ်လ်ဆီးအသင်းဆီ ၂၀၁၉ခုနှစ်မှာ ပြောင်းရွှေ့ရောက်ရှိခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ကြောင့် လက်ရှိအချိန်ထိ ပူလီဆစ်ဟာ မြောက်အမေရိက ကစားသမားတွေထဲ ပြောင်းရွှေ့ကြေး အများဆုံးအဖြစ်ပါ စံချိန်တင်နေပါသေးတယ်။

Photo Credit : Goal

ဒါပေမယ့် ပူလီဆစ်က ချယ်လ်ဆီးမှာ ပုံမှန်ပွဲကစားခွင့်ရဖို့ ရုန်းကန်လာခဲ့ရင်း ၂၀၂၃မှာပဲ အေစီမီလန်အသင်းက ခေါ်ယူသွားခဲ့ရာ အခုဆိုရင် ပူလီဆစ်ဟာ မီလန်ရဲ့ အရေးအပါဆုံး ကစားသမားပါ ဖြစ်လာခဲ့ပါတယ်။ ပူလီဆစ်က မီလန်အတွက် တစ်ရာသီခွဲနီးပါး ပါဝင်ထားပြီး (၂၂)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပါတယ်။

ဒီရာသီမှာလည်း အေစီမီလန်အတွက် ပြိုင်ပွဲစုံ (၁၅)ပွဲ ပါဝင်ကစားထားတဲ့ ပူလီဆစ်ဟာ (၇)ဂိုးသွင်း (၅)ဂိုးဖန်တီးထားပြီး အတော်လေး ခြေစွမ်းပြလျက် ရှိနေရာ သူ့ကို လီဗာပူးလ်နဲ့ မန်ယူနိုက်တက်တို့က ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်သွားဖို့ အပြိုင်အဆိုင် စိတ်ဝင်စားလာကြပါတယ်။

Photo Credit : Goal

လီဗာပူးလ်အသင်းကတော့ ၂၀၂၅ ဇွန်လမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အီဂျစ် ညာတောင်ပံကစားသမား မိုဟာမက် ဆာလာနေရာအတွက် ပူလီဆစ်ကို ခေါ်ယူချင်နေတာ ဖြစ်သလို ယူနိုက်တက်ကလည်း နည်းပြသစ် အမော်ရင်လက်ထက် တောင်ပံတိုက်စစ်နေရာအတွက် ပူလီဆစ်ကို ခေါ်ယူပေးဖွယ် ရှိနေပါတယ်။

ဒီလို ထိပ်သီးကလပ်အသင်းတွေ စိတ်ဝင်စားမှုကို ရလာခဲ့တဲ့ ပူလီဆစ်ကို မီလန်ဘက်က ရောင်းချလိုခြင်း မရှိဘဲ အသင်းမှာသာ ဆက်ထိန်းထားချင်ပေမယ့် တကယ်လို့ ပူလီဆစ်အတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရို သန်း(၆၀)လောက်နဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ ရောင်းချသွားဖွယ် ရှိနိုင်ပါတယ်။ မီလန်က ပူလီဆစ်ကို ချယ်လ်ဆီးကနေ ယူရို (၂၀.၈)သန်းနဲ့ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

Exit mobile version