မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်အတွင်း ဝက်စ်ဟမ်းယူနိုက်တက်အသင်းဆီကို ရာသီကုန်အထိ အငှားချထားတဲ့ အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဆီလင်ဂတ်ကို အသင်းကနေ အပြီးသတ်ရောင်းချသွားဖို့ စိတ်ကူးမရှိတဲ့အပြင် အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့အတွက် စာချုပ်သစ်တစ်ရပ်ကိုပါ ကမ်းလှမ်းသွားမယ်လို့ သိရှိရပါတယ်။

Photo Credit : Insider

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ်ဟာ ၂ဝဝဝပြည့်နှစ်မှာကတည်းက ယူနိုက်တက်လူငယ်အကယ်ဒမီကို စတင်ရောက်ရှိခဲ့တာဖြစ်ပြီး ၂၀၁၁-၂၀၁၂ ဘောလုံးရာသီကနေစတင်ကာ သူရဲ့ယူနိုက်တက် စီနီယာကစားသမားဘဝကို စတင်ခဲ့ရပါတယ်။ လင်ဂတ်ဟာ ဒီနောက်ပိုင်းနှစ်အတွင်း ယူနိုက်တက်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် ပုံမှန်နေရာပါ ပျောက်ဆုံးခဲ့ရပြီး အခုနှစ် ဆောင်းစျေးကွက်အတွင်းမှာပဲ ဝက်စ်ဟမ်းအသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Goal

လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းမှာတော့ ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ(၇)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၅)ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှုမှာလည်း (၃)ကြိမ်အထိ လုပ်ဆောင်ထားနိုင်ကာ အကောင်းဆုံးစွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်မှုတွေကြောင့် အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ် လင်ဂတ်ကို လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခဲ့သလို ဝက်စ်ဟမ်းအသင်းကလည်း လင်ဂတ်ရဲ့ အငှားစာချုပ်ပြည့်ချိန်မှာ အပြီးသတ်ခေါ်ယူဖို့အထိပါ ကြိုးပမ်းလာခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းဘက်ကတော့ သူတို့ရဲ့ ငယ်မွေးခြံပေါက် ကစားသမား လင်ဂတ်ကို အသင်းကနေ အပြီးသတ်ရောင်းထုတ်သွားဖို့ ဆန္ဒမရှိသေးတဲ့အပြင် စာချုပ်သစ်တစ်ရပ် ထပ်မံချုပ်ဆိုသွားဖို့အထိကိုပါ စီစဉ်လျက်ရှိနေတယ်လို့ The Sun သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။ လင်ဂတ်ဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၂ခုနှစ်အထိသာ စာချုပ်သက်တမ်း ကျန်ရှိတော့တာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ လင်ဂတ်ကို အလျင်အမြန် စာချုပ်မချုပ်နိုင်ဘူးဆိုရင် လာမယ့်နွေစျေးကွက်အတွင်းမှာပဲ ရောင်းချရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းက လင်ဂတ်ကို အသင်းကနေ ရောင်းထုတ်သွားဖို့ အစီအစဉ်မရှိပဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားဖွယ် ရှိနေပါတယ်။