မနေ့ညကတော့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်ရဲ့ပထမအကျော့ ပထမနေ့ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားစေခဲ့ပြီး အိမ်ရှင်အသင်းတွေပဲ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်ခဲ့ကာ ဒီနေ့မှာတော့ ဒုတိယညအဖြစ် စပါးနဲ့လိုက်ပ်ဇစ် အတ္တလန်တာနဲ့ ဗလင်စီယာတို့ ရင်ဆိုင်ကစားခဲ့ကြပြီး ပရိသတ်တွေ ပိုစိတ်ဝင်စားခဲ့ရတဲ့ စပါးနဲ့လိုက်ပ်ဇစ်ပွဲမှာတော့ ဧည့်သည်လိုက်ပ်ဇစ်အသင်းက ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit : Getty Images

ဟယ်ရိကိန်းနဲ့ ဆွန်ဟောင်မင်တို့ ဒဏ်ရာပြသာနာကိုယ်စီနဲ့ ရင်ဆိုင်နေရတဲ့ စပါးအသင်းဘက်မှာ မော်ရာ ဘာ့ဂ်ဝင်းချ် အလီ လိုဆယ်ဆို ဖာနန်ဒက်စ် ဟယ်ရီဝင့်စ် အယ်ဒါဝီရယ် အော်ရီယာ ဆန်းချက်ဇ် ဒေးဗီးစ် လိုရစ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဂျာမန်မြေမှာရော ချန်ပီယံလိဂ်မှာပါ ခြေစွာလျက်ရှိနေတဲ့ လိုက်ပ်ဇစ်အသင်းကတော့ ပက်ထရစ်ရှပ်ခ် အန်ကူကူ ဝါနာ အန်ဂျလီနို အမ်ပါဒူတို့လို ကစားသမားကောင်းတွေ များစွာပါဝင်လာခဲ့ပါတယ်။ ပထပိုင်း ပွဲကစားချိန်တွေအတွင်းမှာ ဧည့်သည်အသင်းက အိမ်ရှင်အသင်းအပေါ်မှာ ဖိဖိစီးစီး ကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုပိုင်းမှာလည်း အသာစီးရယူထားခဲ့သလို ဂိုးပေါက်ခြိမ်းခြောက်မှုမှာလည်း စပါးထက် အဆပေါင်းများစွာ သာလွန်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်က ထိထိရောက်ရောက် မထိုးဖောက်နိုင်ခဲ့လို့ ဂိုးပေါက်တည့်မတ်မှု နည်းပါးခဲ့ရသလို သွင်းဂိုးတွေလည်း မရရှိခဲ့ပါဘူး။

Photo Credit : Getty Images

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းကပဲ ဆက်တိုက်ဖိအားပေးနိုင်ခဲ့ပြီး ၅၈မိနစ်မှာပဲ လိုက်ပ်ဇစ်တို့ ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာက အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့ပါတယ်။ သွင်းဂိုးစတင်ခွင့်ပြုလိုက်ရပြီးနောက်ပိုင်းမှာတော့ စပါးအသင်းက လာမယ်လာ အမ်ဒွန်ဘီလီတို့ကို ထည့်သွင်းလာခဲ့ပြီး နည်းစနစ်ပိုင်း အပြောင်းအလဲလုပ်ကာ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ဆက်တိုက်ပြုလုပ်လာခဲ့ပေမယ့် လိုက်ပ်ဇစ်ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် လိုက်ပ်ဇစ်တို့ အဝေးကွင်းမှာ အဖိုးတန်နိုင်ပွဲတစ်ပွဲကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။