ဒီနှစ်ဘောလုံးရာသီမှာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲခွင့် ရရှိလို့ထားတဲ့ ဟန်ဂေရီကလပ် ဖယ်ရန်ဗာရိုစ့်အသင်းကတော့ ဒီနေ့ညမှာပဲ ဥရောပထိပ်သီးဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ ရင်ဆိုင်ကစားရတော့မှာဖြစ်ပြီး ဒီပွဲက သူတို့အသင်းအတွက် အတော်လေးကို ခက်ခဲစေနိုင်တဲ့ ပွဲတစ်ပွဲဖြစ်လာမှာ သေချာနေပေမယ့် ဂျုဗင်တပ်စ်လို ဥရောပအတွေ့အကြုံရင့်ကျက်နေတဲ့ အသင်းတစ်သင်းဆီကို သင်ယူစရာတွေ များစွာကို ရရှိနိုင်တော့မှာဖြစ်လို့ ဒီပွဲအတွက် မစောင့်ဆိုင်းနိုင်ဖြစ်နေပြီလို့ ဖယ်ရန်ဗာရိုစ့်နည်းပြ ဆာဂျီရီဘရော့ဗ်က ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Nepujasg

ချန်ပီယံလိဂ်ပြိုင်ပွဲကို (၂)ကြိမ်သာ ဝင်ရောက်ဆင်နွဲခဲ့ဖူးတဲ့ ဟန်ဂေရီကလပ် ဖယ်ရန်ဗာရိုစ့်အသင်းဟာ ဒီရာသီမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပလေးအော့အဆင့်ကနေ တတ်လှမ်းလာခဲ့ရတာဖြစ်ပေမယ့်လည်း ဘာစီလိုနာ ဂျုဗင်တပ်စ် ဒိုင်နမိုကိဗ်တို့လို ဥရောပအတွေ့အကြုံရင့်အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေလို့ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့က ခက်ခဲလို့နေပါတယ်။ ဖယ်ရန်ဗာရိုစ့်အသင်းအနေနဲ့ ဘာစီလိုနာကို ဂိုးပြတ်ရှုံးနိမ့်လို့ထားပြီး ဒိုင်နမိုကိဗ်နဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်မှာတော့ သရေကျအောင် ကစားထားနိုင်ခဲ့ကာ ဒီနေ့ညမှာလည်း ဂျုဗင်တပ်စ်အသင်းနဲ့ ပွဲကျပ်တစ်ပွဲကို ရင်ဆိုင်သွားရတော့မှာဖြစ်ပါတယ်။

Photo Credit : 11Contro11

ဒီပွဲစဉ်နဲ့ပတ်သက်ပြီး ဖယ်ရန်ဗာရိုစ့်အသင်းနည်းပြ ရီဘရော့ဗ်က “ဒီညမှာ ကျွန်တော်တို့အသင်းအနေနဲ့ အီတလီနိုင်ငံရဲ့အကောင်းဆုံးသော ကလပ်အသင်းတစ်သင်းနဲ့ ယှဉ်ပြိုင်ကစားရမယ်ဆိုတာ သိထားပြီးသားပါ။ အဲ့ဒီအတွက်လည်း မစောင့်ဆိုင်းနိုင်တော့အောင် ဖြစ်နေရပါတယ်။ ဒီပွဲမှာ ကျွန်တော်အသင်းက ဂျုဗင်တပ်စ်ကို ရာနှုန်းပြည့်တုံ့ပြန်ကစားချင်ပါတယ်။ ဟန်ဂေရီကလပ်အသင်းတစ်သင်းအနေနဲ့ ချန်ပီယံလိဂ်လို ဥရောပရဲ့အမြင့်မားဆုံးပြိုင်ပွဲကြီးမှာ ပါဝင်ကစားရခြင်းက ဂုဏ်ယူစရာကောင်းပါတယ်။ ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးမှာက သင်တို့အနေနဲ့ ဥရောပရဲ့အကောင်းဆုံးအသင်းတွေ အားကောင်းမောင်းသန်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရတတ်ပါတယယ်။ ဂျုဗင်တပ်စ်ဆိုရင်လည်း တကယ့်ကို အကောင်းဆုံးကစားသမားတွေကို ပိုင်ဆိုင်လို့ထားပြီး သူတို့ကို ကောင်းကောင်းယှဉ်ကစားနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။ ဒီပွဲမှာလည်း ရော်နယ်ဒို ပွဲထွက်ပါဝင်လာမယ့် ယုံကြည်ပါတယ်။ သူက ကျွန်တော်တို့ကို ကောင်းကောင်းဒုက္ခပေးနိုင်မယ့်သူပါ။ ကျွန်တော်တို့ကလည်း ပွဲချိန်ပြည့်အာရုံစိုက်ထားဖို့ လိုအပ်ပါမယ်။ ချန်ပီယံလိဂ်ပွဲစဉ်တွေအားလုံးက ကျွန်တော်တို့အတွက်တော့ လေ့လာစရာတွေပဲဆိုတော့ ဆုလာဘ်တစ်ခုလိုပါပဲ။ စိန်ခေါ်မှုကြီးတွေအတွက်လည်း ကျွန်တော်တို့အသင်း အဆင့်သင့်ဖြစ်နေပြီလို့ ထင်မိပါတယ်” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။