ယနေ့မနက် အစောပိုင်းမှာ လာလီဂါ ပွဲစဉ်(၁၃) အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ဗယ်လက်ကာနိုနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ပွဲမှာတော့ အဆင့်၈နေရာမှာ ရှိနေတဲ့ ဗယ်လက်ကာနိုက အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အံ့အားသင့်ဖွယ် အနိုင် ရရှိသွားခဲ့ပါတယ်။

ဗယ်လက်ကာနိုရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပြီး ရီးရဲလ်မက်ဒရစ်က ပွဲကို ပိုမို စိုးမိုးနိုင်ခဲ့ပေမယ့် ဗယ်လက်ကာနိုကလည်း သူတို့အသင်းရဲ့ တန်ပြန်တိုက်စစ်တွေ ကနေ တဆင့် ရီးရဲလ်မက်ဒရစ် ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

Photo Credit: Reuters

ပွဲရဲ့ အဖွင့်ဂိုးကိုတော့ ပွဲချိန် ၅မိနစ်မှာတင် ဗယ်လက်ကာနိုက ရရှိသွားခဲ့ပြီး ကွင်းလယ်လူ ကိုမက်စ်ဆာနာက ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ ဗယ်လက်ကာနိုဘက်ကို ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ရီးရဲလ်မက်ဒရစ်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရရှိအောင် တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၃၇မိနစ်မှာ ပင်နယ်တီကနေ တဆင့် မိုဒရစ်က ရီးရဲလ်မက်ဒရစ် အတွက် ချေပဂိုးကို သွင်းယူပေးခဲ့သလို ပွဲချိန် ၄၁မိနစ်မှာတော့ ဗဟိုနောက်ခံလူ မီလီတာအိုက ရီးရဲလ်မက်ဒရစ် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ အပျော်တွေက ၃မိနစ်သာ ခံခဲ့ပြီး ပွဲချိန် ၄၄မိနစ်မှာ ဗယ်လက်ကာနို တောင်ပံကစားသမား ဂါစီယာက သူ့အသင်း အတွက် အဖိုးတန် ချေပဂိုးကို ပြန်လည် သွင်းယူပေးနိုင်ခဲ့တာကြောင့် ပထမပိုင်းဟာ ၂-၂ ဆိုတဲ့ ရလဒ်နဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးက အနိုင်ဂိုးတွေ ရဖို့ တင်ကစားလာခဲ့ကြပြီး ရီးရဲလ်မက်ဒရစ်က အပိုင် ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် တိုက်စစ်မှူးတွေရဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်မှု ၊ ဗယ်လက်ကာနို နောက်တန်းရဲ့ ခြေစွမ်းပြနိုင်မှုတို့ကြောင့် လိုအပ်နေတဲ့ အနိုင်ဂိုးကို မရခဲ့ပါဘူး။

Photo Credit: Reuters

ပွဲချိန် ၆၄မိနစ်မှာတော့ ကာဗာဟယ် တယောက် ဂိုးဧရိယာ အတွင်း လက်ထိမိခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်က ပင်နယ်တီ ပေးခဲ့ရပြီး အဆိုပါ ပင်နယ်တီကို ဗယ်လက်ကာနို အသင်းခေါင်းဆောင် ထရီဂျိုက ကန်သွင်းခဲ့ရာ သူ့ရဲ့ ပထမကန်ချက်ကို ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တွိုက်စ်က ကာကွယ်နိုင်ခဲ့ပေမယ့် ထရီဂျို တယောက် ပင်နယ်တီ မကန်သွင်းမီမှာ ကာဗာဟယ်က ဂိုးဧရိယာထဲကို ရောက်နေခဲ့တာကြောင့် ထရီဂျိုက ပင်နယ်တီ ပြန်ကန်ခွင့် ရခဲ့ပါတယ်။

ဒုတိယအကြိမ် ကန်သွင်းခွင့် ရတဲ့ ပင်နယ်တီမှာတော့ ထရီဂျိုက အမှားအယွင်း မရှိ ဂိုးသွင်းနိုင်ခဲ့ပြီး သူ့ရဲ့ သွင်းဂိုးကြောင့်ပဲ ဗယ်လက်ကာနိုက အဖိုးတန် နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။ ဗယ်လက်ကာနိုကို ရှုံးနိမ့်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်ကတော့ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ၂ပွဲမှာ ရမှတ် ၁မှတ်သာ စုဆောင်းနိုင်ခဲ့တာကြောင့် ခါးသီးပြိုင်ဘက် ဘာစီလိုနာဆီ အဆင့်(၁)နေရာ လွှဲပေးခဲ့ရပြီး ရီးရဲလ်မက်ဒရစ်အနေနဲ့ လာလီဂါချန်ပီယံဘွဲ့ကို ကာကွယ်ချင်ရင် လာမယ့်ပွဲတွေမှာ အမှားအယွင်း နည်းနည်းနဲ့ အနိုင်ရအောင် ကစားဖို့ လိုအပ်နေပါပြီ။