စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်သူ ပီအက်စ်ဂျီ ကြယ်ပွင့် ကိုင်လီယန် အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ အတွက် ရှိရင်းစွဲ ကွင်းလယ်လူ နှစ်ဦး ဖြစ်တဲ့ ချူအာမီနီနဲ့ ဗယ်ဗာဒီတို့ နှစ်ဦးထဲက တဦးကို ရောင်းချကာ ငွေရှာတော့မယ်လို့ နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနက အခိုင်အမာ ဖော်ပြလာပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ၂၀၁၈ခုနှစ်မှာ မိုနာကို ကနေ ပီအက်စ်ဂျီထံ ဆယ်ကျော်သက် ကစားသမား တဦး အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၁၈၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ပီအက်စ်ဂျီနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူပါ။

Photo Credit: The Sun

အမ်ဘာပေက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ အချိန်မှာ အသင်းနဲ့ စာချုပ်သစ် မချုပ်တော့ဘူး ဆိုပြီး အသင်းဆီ တရားဝင် စာပို့ခဲ့တာကြောင့် ပီအက်စ်ဂျီက အမ်ဘာပေကို ယခု နွေဈေးကွက် အတွင်းမှာ မဖြစ်မနေ ရောင်းချရတော့မှာ ဖြစ်ကာ ပီအက်စ်ဂျီဥက္ကဌ အယ် ခါလိုင်ဖီကလည်း အမ်ဘာပေကသာ စာချုပ်သစ် မချုပ်ဘူး ဆိုရင် သူတို့အသင်းက အမ်ဘာပေကို ယခု နွေဈေးကွက် အတွင်းမှာ ရောင်းချသွားမယ်လို့ အတည်ပြု ပြောကြားထားပါတယ်။

လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို အမ်ဘာပေကလည်း ပီအက်စ်ဂျီမှာ စာချုပ်ကုန်သည် အထိ နေရင် ရရှိမယ့် သစ္စာရှိကြေး ယူရို ၁၅၀သန်းထဲက ထက်ဝက်ခန့်ကိုသာ ရရှိမယ် ဆိုရင် ယခု နွေဈေးကွက်မှာပဲ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ချင်နေပါတယ်။

Photo Credit: Tribuna

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေသလို အမ်ဘာပေအတွက် ပီအက်စ်ဂျီထံ ပြောင်းရွှေ့ကြေး ယူရို ၂၀၀သန်း ဝန်းကျင် ပေးချေဖို့ အဆင်သင့် ရှိနေပြီး ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ခေါ်ယူတဲ့ အချိန်မှာ ဘဏ္ဍာရေးစည်းမျဉ်းတွေကို မချိုးဖောက်မိစေရန် ချူအာမီနီနဲ့ ဗယ်ဗာဒီတို့ နှစ်ဦးထဲက တဦးကို ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီး ၊ လီဗာပူး ၊ မန်ချက်စတာ ယူနိုက်တက် စတဲ့ အသင်းတွေ အားလုံးက ချူအာမီနီနဲ့ ဗယ်ဗာဒီတို့ရဲ့ အခြေအနေတွေကို စောင့်ကြည့်နေကြပြီး သုံးသင်းစလုံးက ဗယ်ဗာဒီထက် ချူအာမီနီကို ပိုမို စိတ်ဝင်စားနေကြပါတယ်။