စပိန်အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကတော့ သူတို့အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားဖြစ်သူ ပေါ်တူဂီစတား ခရစ္စတီယာနို ရိုနယ်ဒိုကို စီးရီးအေကလပ် ဂျူဗင်တပ်အသင်းထံကနေ ပြန်ပြီး ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အီတလီအခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းမှာ ၂၀၀၉ခုနှစ်ကနေ ၂၀၁၈ခုနှစ်အထိ ကစားခဲ့တဲ့ ရိုနယ်ဒိုဟာ ရီးရဲလ်မက်ဒရစ် ကစားသမားဘဝမှာ စုစုပေါင်း ၄၅၀ဂိုးအထိ သွင်းယူနိုင်ခဲ့သလို သူ့ရဲ့ အကောင်းဆုံး အောင်မြင်မှုတွေကို ရီးရဲလ် မက်ဒရစ်အသင်းမှာပဲ ရရှိခဲ့သူဖြစ်ကာ သူဟာ ၂၀၁၈ခုနှစ်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းမှ ဂျူဗင်တပ်အသင်းထံကို ပေါင်၁၀၀သန်းနဲ့ ရွှေ့ပြောင်းခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Marca.com

ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့အပြီးမှာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦး အဖြစ် သတ်မှတ်ခံထားရကာ အသင်းနဲ့အတူ စကူဒက်တိုဖလား ၊ အီတလီစူပါဖလားတွေကို ရရှိထားပေမယ့် အရေးပါလှတဲ့ တစ်ဦးချင်းဆုတံဆိပ်တွေကိုတော့ ရယူထားနိုင်ခြင်း မရှိတော့ပါဘူး။ ဒါ့ကြောင့် ရိုနယ်ဒိုအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ရှိနေစဉ်က အချိန်တွေကို ပြန်ပြီး တမ်းတအောက်မေ့နေဖွယ်ရှိကြောင်းနဲ့ ရီးရဲလ် မက်ဒရစ်အသင်းအနေနဲ့လည်း ရိုနယ်ဒိုကို အသင်းကနေ ရောင်းထုတ်အပြီးမှာ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ဟာဇက်ကို ခေါ်ယူမှုတွေအပြင် အခြားသောအားဖြည့်မှုတွေကို ပြုလုပ်ခဲ့ပေမယ့် ရိုနယ်ဒိုရဲ့ ကွက်လပ်ကို ဖြည့်တင်းနိုင်ခဲ့ခြင်း မရှိတာကြောင့် ရိုနယ်ဒိုကို ပြန်လည်ခေါ်ယူဖို့အတွက် ပြန်လည် ချိတ်ဆက် လာခဲ့တာလို့ သိရှိရပါတယ်။ တခြားတစ်ဖက်မှာလဲ ဂျူဗင်တပ်အသင်းအနေနဲ့ ရိုနယ်ဒိုကို ရောင်းထုတ်ဖို့ စဉ်းစားလာနိုင်တယ်လို့ ဂျူဗင်တပ်အသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟလာကြပါတယ်။

Photo Credit: Marca.com

ရိုနယ်ဒိုဟာ လက်ရှိအချိန်မှာ အသက်၃၅နှစ် အရွယ်ကို ရောက်ရှိနေသူဖြစ်ပေမယ့် သူဟာ ကမ္ဘာပေါ်မှာ လုပ်ခလစာအများဆုံး ဘောလုံးသမားတွေထဲက တစ်ဦးဖြစ်ပြီး ဂျူဗင်တပ် အသင်းအနေနဲ့ သူ့ကို တစ်နှစ်လုပ်ခ ပေါင် ၂၇ သန်းအထိ ပေးချေနေရပါတယ်။ ဒါ့ကြောင့် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှုကြောင့် ဖြစ်ပေါ်နေတဲ့ စီးပွားရေးပျက်ကပ်အတွင်း အသင်းရဲ့ ဘဏ္ဏာရေးအခြေအနေ အားနည်းသွားမှာကို စိုးရိမ်နေရတဲ့ ဂျူဗင်တပ်အသင်းအနေနဲ့ ရိုနယ်ဒိုကို ရောင်းထုတ်ဖို့ စဉ်းစားနေတယ်လို့ အီတလီ သတင်းထောက်တွေက အခိုင်အမာ ဆိုထားကြပြီး ရီးရဲလ်မက်ဒရစ်အသင်းက ကမ်းလှမ်းထားတဲ့ ပေါင်၅၀သန်း ပြောင်းရွှေ့ကြေးနဲ့ လျော့နည်းသွားမယ့် ရိုနယ်ဒိုရဲ့ လစာပမာဏဖြစ်တဲ့ ပေါင် ၂၇သန်း ပေါင်းပါက ဂျူဗင်တပ်အသင်းရဲ့ ဘဏ္ဏာရေးအခြေအနေမှာ ပေါင်၇၇သန်းအထိ အပေါင်းလက္ခဏာဆောင်မှာ ဖြစ်တာကြောင့် အသက်၃၅နှစ်အရွယ် ကစားသမားတစ်ဦးကို ရှင်းထုတ်လိုက်သင့်တယ်လို့ သတင်းထောက် အများစုက သုံးသပ်ထားကြပါတယ်။ ရိုနယ်ဒို တစ်ယောက် တကယ်ကြီး ရီးရဲလ်မက်ဒရစ်ကို ပြန်ရောက်သွားမှာလား….။