စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးသွားချိန်မှာ မကြာသေးမီကမှ ပီအက်စ်ဂျီနဲ့အတူ သူတို့ကို အနိုင်ယူခဲ့တဲ့ အာဂျင်တီးနားလူမျိုး နည်းပြဖြစ်သူ ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ မျက်စိကျနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ အသင်းကနေ ထွက်ခွာသွားတဲ့ ဇီဒန်းရဲ့နေရာ အတွက် အသင်းရဲ့ နည်းပြဟောင်း အန်ဆလော့တီကို နည်းပြသစ် အဖြစ် ခန့်အပ်ထားသလို အန်ဆလော့တီရဲ့ လက်အောက်မှာ လာလီဂါ ချန်ပီယံဆုကို ရရှိဖို့ နီးစပ်နေပေမယ့် အန်ဆလော့တီရဲ့ ပွဲကြီးပွဲကောင်းတွေကို ရောက်ရင် ခံစစ်ဆော့တတ်တဲ့ အလေ့အကျင့်ကြောင့် သူ့ရဲ့ နည်းစနစ်တွေဟာ မော်ဒန် ဘောလုံးလောကနဲ့ အံမဝင်တော့ဘူးလို့ ယူဆနေပါတယ်။

Photo Credit: Daily Mail

အထူးသဖြင့် ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်နဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပီအက်စ်ဂျီ ၁-၀ ရီးရဲလ်မက်ဒရစ် ပွဲစဉ်မှာ ပိုချက်တီနိုနဲ့ အန်ဆလော့တီတို့ရဲ့ နည်းစနစ်ပိုင်း ကွာဟချက် ကြီးမားတာကို မြင်တွေ့ခဲ့ရပြီး အန်ဆလော့တီကို ရာသီကုန်မှာ နည်းပြအဖြစ် ကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားနေပါတယ်။

တဖက်မှာလည်း ပိုချက်တီနိုဟာ ပီအက်စ်ဂျီရဲ့ အားကစား ဒါရိုက်တာဖြစ်သူ လီယိုနာဒိုနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာပဲ ပြင်သစ်မြေကို စွန့်ခွာဖို့ အလားအလာ များပြားနေပြီး ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Daily Mail

ဗြိတိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေဟာ ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ အသင်းတွင်းမှာ ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေပြီး ပိုချက်တီနိုက သူတို့အသင်းကို ချန်ပီယံလိဂ်မှာ အောင်မြင်မှုတွေ ပြန်လည် ရရှိအောင် စွမ်းဆောင်ပေးနိုင်မယ်လို့လည်း ယုံကြည်ထားကြကြောင်း သိရပါတယ်။