ပြီးခဲ့တဲ့ တနင်းလာနေ့ ညနေ့(၅)နာရီခွဲအချိန်က ပြုလုပ်ခဲ့တဲ့ ဥရောပ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်များအတွက် မဲခွဲမှုမှာ အရှက်ရစရာ အမှားအယွင်းတွေ ပါဝင်နေခဲ့တဲ့အတွက် ည(၈)နာရီခွဲအချိန် မဲခွဲမှုကို နောက်တစ်ကြိမ် ပြန်လည်ကျင်းပခဲ့ရာ ဘင်ဖီကာ မန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့ ဆုံတွေ့ထားရတဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ ထိပ်တိုက်တွေ့ဆုံသွားရပြီး ရီးယဲလ်အသင်းလည်း သူတို့ အလိုရှိဆုံး ကစားသမားဖြစ်တဲ့ ကီလီယန်အမ်ဘာပေနဲ့ပါ ပြိုင်ဘက်တွေအဖြစ် ဆုံတွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Twitter

ပြီးခဲ့တဲ့ ချန်ပီယံလိဂ် မဲခွဲမှုအစပိုင်းမှာ အမှားအယွင်းတွေ ပါဝင်သွားခဲ့တာကြောင့် မက်ဆီ ရော်နယ်လ်ဒိုုတို့ တွေ့ဆုံမှု ပျက်ပြယ်ခဲ့ရပေမယ့်လည်း ပီအက်စ်ဂျီအသင်းနဲ့ ရီးယဲလ်အသင်းတို့ရဲ့ (၁၆)သင်းအဆင့် တွေ့ဆုံမှုကလည်း တစ်နည်းတစ်ဖုံနဲ့တော့ စိတ်ဝင်စားစရာကောင်းနေမှာ အသေအချာပါပဲ။ ရီးယဲလ် ရင်ဆိုင်ရမယ့် ပီအက်စ်ဂျီမှာက ရီးယဲလ်မှာ ဆယ်စုနှစ်တစ်ခုကြာ ကစားသွုားခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်းကြီး ရာမို့စ် ကစားသမားဟောင်းတွေဖြစ်တဲ့ ဒီမာရီယာ ဟာခီမီ ကေလာနာဗတ်စ် ပြိုင်ဘက်ဟောင်းကြီး မက်ဆီတို့အပြင် အသင်းရဲ့ အဓိကပစ်မှတ် ဘာပေပါ ပါဝင်နေတာကြောင့် အတော်လေးကို စိတ်ဝင်စားစရာ ဖြစ်နေမှာ သေချာနေပါတယ်။

Photo Credit : Goal

ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေက ဒီနှစ်ရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းနဲ့ သက်တမ်းတိုးဖို့ အဆင်မပြေသေးပဲ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်လိုက်ရဖို့က အခြေအနေ များနေရပါတယ်။ ဘာပေလို အရည်အသွေး အပြည့်အဝရှိတဲ့ ကစားသမားမျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အရေးမှာ ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထဲမှာ ရီးယဲလ်က ထိပ်ဆုံးနေရာကကို ပါဝင်လို့နေပါတယ်။ တကယ်ဆိုရင်တော့ အသင်းနဲ စာချုပ်သက်တမ်း လပိုင်းသာ ကျန်ရှိနေတော့တဲ့ ကစားသမားတစ်ဦးက အသင်းနဲ့ လမ်းမခွဲရခင် နောက်ဆုံးစျေးကွက်ဖြစ်တဲ့ ဆောင်းစျေးကွက်အတွင်းမှာပဲ သူ့ကို ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေကို ဆွေးနွေးနိုင်မှာ ဖြစ်ပေမယ့်လည်း ဘာပေရဲ့ လက်ရှိကလပ် ပီအက်စ်ဂျီအသင်းနဲ့ သူ့ကို အလိုရှိနေတဲ့ ရီးယဲလ်အသင်းတို့က ချန်ပီယံလိဂ်မှာ ထိပ်တိုက်တွေ့ဆုံနေရတာကြောင့် ဘာပေရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ပြိုင်ဘက်အဖြစ် တွေ့ဆုံနေချိန်မှာ အသင်းနဲ့ ကစားသမားရဲ့ကြား လေးစားမှုတွေကြောင့် ရီးယဲလ်ဘက်ကနေ ဆွေးနွေးမှုတွေကို လာမယ့် မတ်လအထိ ရွေ့ဆိုင်းထားနိုင်တယ်လို့ စပိန်နာမည်ကျော် သတင်းစာ AS ကနေ ဖော်ပြလာခဲ့ပါတယ်။