လတ်တလောမှာ ကလပ်အသင်းများစွာရဲ့ ပစ်မှတ်ဖြစ်လို့နေတဲ့ ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်ကစားသမား လက်ရှိမှာလည်း လီဗာပူးလ် အာဆင်နယ်အသင်းတို့နဲ့အပြိုင် မန်ချက်စတာယူနိုက်တက်အသင်းကနေလည်း ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားလျက်ရှိနေသလို စပိန်လာလီဂါထိပ်သီး ကလပ်အသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကလည်း အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဘစ်ဆူးမားကို ခေါ်ယူချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

Photo Credit : The Argus

အသက်(၂၄)နှစ်အရွှယ်ရှိ မာလီလက်ရွေးစင် ကွင်းလယ်ကစားသမား ဘစ်ဆူးမားဟာ ပြင်သစ်လီဂူးကလပ် လိုင်လီကနေ ဘရိုက်တန်အသင်းဆီကို ၂၀၁၈ခုနှစ်ကမှ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာတော့ ဘရိုက်တန်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၁၃)ပွဲလုံးကို ပါဝင်ကစားထားခဲ့ကာ (၁)ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ် ပွဲတိုင်းပါဝင်ကစားထားခဲ့ပြီး ခြေစွမ်းလည်း ပြသထားနိုင်ခဲ့တဲ့ ဘစ်ဆူးမားကို လက်ရှိအချိန်မှာ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့က အပြိုင်အဆိုင်ကို စိတ်ဝင်စားလျက်ရှိနေတဲ့အပြင် မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေကလည်း ပစ်မှတ်ထားလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

ဘစ်ဆူးမားကို လီဗာပူးလ်အသင်းဘက်က ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် နယ်သာလန်ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ရဲ့နေရာမှာ အစားထိုးသွားချင်နေသလို ယူနိုက်တက်အသင်းကလည်း အသင်းနဲ့ လမ်းခွဲသွားဖွယ် ရှိလို့နေတဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာရဲ့နေရာအတွက် အစားထိုးချင်တာကြောင့် ဘစ်ဆူးမားကို အလိုရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် လာလီဂါရဲ့ လက်ရှိချန်ပီယံ ရီးရဲလ်အသင်းကလည်း သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက်ရော အသင်းမှာ ဆက်လက်ရှိနေဖို့ မသေချာသေးတဲ့ ဝါရင့်ကွင်းလယ်ကစားသမားကြီး မိုဒရစ်နဲ့နေရာအတွက်ကိုပါ အစားထိုးနိုင်ဖို့အတွက် ဘစ်ဆူးမားကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘရိုက်တန်အသင်းဘက်ကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို ဆောင်းစျေးကွက်အတွင်းမှာ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပဲ လာမယ့်နွေစျေးကွက်ဖွင့်ချိန်လောက်မှသာ ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)လောက်နဲ့ ရောင်းချဖွယ်ရှိနေပါတယ်။