အဲဗာတန်အသင်းဟာ လက်ရှိ ကျင်းပလျက်ရှိနေတဲ့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ဘရာဇီး အိုလံပစ်အသင်းအတွက် အထူးခြေစွမ်းပြပြီး သွင်းဂိုးတွေ ရယူလို့နေတဲ့ တိုက်စစ်ကစားသမား ရစ်ချာလီဆန်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေအနေနဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၉၀)အထိ တန်ကြေးသတ်မှတ်ထားတယ်လို့ TuttoMercatoWeb ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : FC Barcelona Nocitias

အသက်(၂၄)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား ရစ်ချာလီဆန်ဟာ ဘရာဇီးအသင်းနဲ့အတူ ကိုပါအမေရိကပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲခဲ့သလို အခုလက်ရှိမှာလည်း ဘရာဇီးအိုလံပစ်အသင်းနဲ့အတူ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ထပ်မံဆင်နွဲနေသလို ဂျာမနီအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အိုလံပစ် အုပ်စုအဆင့်ပွဲမှာပါ အသင်းအတွက် ဟက်ထရစ်သွင်းဂိုးတွေကိုပါ သွင်းယူနိုင်ခဲ့ပါသေးတယ်။ လတ်တလောမှာ ခြေစွမ်းကောင်းတွေ ပြသလို့နေတဲ့ ရစ်ချာလီဆန်ကို သူနဲ့အတူ အဲဗာတန်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်း အန်စလော့တီက သူရဲ့အသင်းသစ် ရီးယဲလ်မက်ဒရစ်အသင်းဆီ ခေါ်ယူသွားချင်နေပါတယ်။

Photo Credit : Premier League

ဒါပေမယ့် ရစ်ချာလီဆန်လို အဓိက ကစားသမားတစ်ယောက်ကိုတော့ အဲဗာတန်အသင်းဘက်ကနေ လုံးဝလက်လွတ်မသွားချင်ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေပြီး မဖြစ်မနေသာ ရောင်းချရမယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေး ပေါင်သန်း(၉၀)လောက်အထိ အလိုရှိနေတယ်လို့ သိရပါတယ်။ ရစ်ချာလီဆန်ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာကလည်း ရီးယဲလ်မက်ဒရစ်က ထိပ်ဆုံးနေရာကနေ ပါဝင်နေတယ်ဆိုပေမယ့် ရီးယဲလ်အသင်းက ဒီနှစ်နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်တွေ ထပ်မံခေါ်ယူသွားဖို့က ဘဏ္ဍာရေးအခြေအနေတွေကြောင့် ခက်ခဲနေရတဲ့အတွက် ပေါင်သန်း(၉၀)နဲ့ ကမ်းလှမ်းဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ ရစ်ချာလီဆန်ဟာ ၂၀၁၈ခုနှစ်ကမှ ဝက်ဖိုဒ့်အသင်းကနေ အဲဗာတန်အသင်းဆီကို ပေါင်(၃၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ဘောလုံးရာသီ (၃)ခုအထိ ဖြတ်သန်းခဲ့ပြီးနောက်မှာ အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၄၂)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို အသင်းနဲ့လည်း ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူလည်း ဖြစ်ပါတယ်။