MySport Myanmar

ပြင်းထန်တဲ့ လူမျိုးရေးခွဲခြားခံရမှုကြောင့် ရီးရဲလ်မက်ဒရစ်မှာ မပျော်တော့တဲ့ ဗင်နီးစီယပ်

စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဗင်နီးစီယပ်က လာလီဂါပြိုင်ပွဲမှာ ပြင်းထန်တဲ့ လူမျိုးရေးခွဲခြားမှုတွေ ဆက်တိုက် ကြုံခဲ့ရသလို သူ့ရဲ့ကလပ် ရီးရဲလ်မက်ဒရစ်ဟာ သူ့ကို ကောင်းကောင်း မကာကွယ်ပေးဘူးလို့ ယူဆနေတာကြောင့် ရီးရဲလ်မက်ဒရစ်မှာပဲ မပျော်မရွှင် ဖြစ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ဘရာဇီးလ်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဗင်နီးစီယပ် ဂျူနီယာက ၂၀၁၈ခုနှစ်မှာ ဘရာဇီးလ်ကလပ် ဖလာမင်ဂို ကနေ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ရီးရဲလ်မက်ဒရစ်ဆီ ရောက်ရှိပြီးနောက် တဖြည်းဖြည်းချင်း ခြေစွမ်းတွေ တိုးတက်လာခဲ့ကာ အခုဆိုရင် ကမ္ဘာ့အဆင့် ကစားသမား တဦး ဖြစ်နေပါပြီ။

Photo Credit: Sky Sports

ဗင်နီးစီယပ်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၁၀ဦး စာရင်းဝင်တဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သလို အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်တဲ့ အလားအလာကောင်းတွေလည်း ပိုင်ဆိုင်ထားပြီး သူဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အကောင်းဆုံး ကစားသမားလို့ ပြောရင်တောင် မှားမယ် မထင်ပါဘူး။

ဗင်နီးစီယပ်က ရီးရဲလ်မက်ဒရစ်မှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် သူ့ရဲ့ အသားအရည်နဲ့ ရုပ်ပိုင်းဆိုင်ရာကြောင့် ပြိုင်ဘက်ပရိသတ်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို တောက်လျှောက် ခံနေရပြီး လာလီဂါ ကလပ်အသင်း အတော်များများရဲ့ ပရိသတ်တွေက ဗင်နီးရှပ်ကို လူမဲ ၊ မျောက် စတဲ့ အခေါ်အဝေါ်တွေ ၊ အပြုအမူတွေ လုပ်ပြကာ အမြဲတစေ လှောင်ပြောင်ခဲ့ကြပါတယ်။

Photo Credit: Marca

ပြင်းထန်လွန်းတဲ့ လူမျိုးရေးခွဲခြားမှုတွေကြောင့် ဗင်နီးစီယပ်ဟာ ကွင်းထဲမှာတင် မျက်ရည်ဝဲခဲ့ရတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်နဲ့ လာလီဂါအဖွဲ့ချုပ်က ဗင်နီးစီယပ်အပေါ် လူမျိုးရေးခွဲခြားမှုတွေ လျော့နည်းသွားအောင် တတ်နိုင်သမျှ လုပ်ဆောင်နေပေမယ့် အခုချိန်အထိ အဆင်မပြေသေးပါဘူး။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athleticရဲ့ ဖော်ပြချက်အရ ဗင်နီးစီယပ်က သူ့ရဲ့ကလပ် ရီးရဲလ်မက်ဒရစ်ဟာ သူ့အပေါ် လူမျိုးရေးခွဲခြားမှုတွေ ရပ်တန့်သွားအောင် အခုထက် ပိုပြီး ကြိုးစားသင့်တယ်လို့ ယုံကြည်နေသလို ပြီးခဲ့တဲ့တပတ်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ တရားဝင်စာမျက်နှာတွေ ကနေ တင်ခဲ့တဲ့ သူ့ပုံထဲမှာ “လူသားတွေရဲ့ ဆင့်ကဲပြောင်းလဲမှု” စတစ်ကာကို (မျောက်ကနေ လူသားအဖြစ် အဆင့်ဆင့် ပြောင်းလဲလာပုံကို ဖော်ပြထားတဲ့ စတစ်ကာ) ထည့်သွင်း သုံးစွဲခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် အပေါ် အတော်လေး ဒေါသထွက်နေကာ လူမျိုးရေးခွဲခြားမှုတွေသာ ဆက်ရှိနေမယ် ဆိုရင် အသင်းပြောင်းဖို့ အထိ စဉ်းစားနိုင်ကြောင်း သိရှိရပါတယ်။

Exit mobile version