ဒီနှစ်ဘောလုံးရာသီ အီတလီစီးရီးအေပြိုင်ပွဲမှာ အတော်လေးကို ခြေစွမ်းပြလျက်ရှိနေတဲ့ နာပိုလီအသင်းဟာ ရာသီအကုန်မှာ အသင်းရဲ့ အဓိက အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လော်ရန်ဇိုအင်ဆစ်ဂနီကို လက်လွတ်ရတော့မှာ ဖြစ်တာကြောင့် သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ရီးယဲလ်ဆိုစီဒက်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အဒမ်ယာနူဇိုက်ကို ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ အီတလီအခြေစိုက် Calcio Merto သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : 90Min

အသက်(၂၆)နှစ်အရွှယ်ရှိ ဘယ်ဂျီယံ ကစားသမား ယာနူဇိုက်ဟာ ၂၀၁၁ခုနှစ်ကတည်းက မန်ချက်စတာယူနိုက်တက် လူငယ်အကယ်ဒမီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ယူနိုက်တက်ကို နည်းပြဒေးဗစ်မွိုက်စ် ကိုင်တွယ်ချိန် ၂၀၁၃ခုနှစ်မှာပဲ ယူနိုက်တက်စီနီယာအသင်းအတွက် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အသင်းမှာ အထိုက်အလျောက် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာ ယူနိုက်တက်အသင်းဘက်က နည်းပြအပြောင်းအလဲတွေ များစွာဖြစ်ပေါ်ခဲ့တဲ့နောက်မှာ ယာနူဇိုက်အတွက် နေရာမရှိတော့ပဲ ဆန်းဒါလန်း ဒေါ့မွန်အသင်းတွေမှာ အငှားကစားသမားအဖြစ် ကျင်လည်ခဲ့ရသလို ၂၀၁၇ခုနှစ်မှာ ဆိုစီဒက်အသင်းဆီကို အပြီးသတ် ထွက်ခွာခဲ့ရပါတယ်။

Photo Credit : Football Espana

လက်ရှိမှာ ဆိုစီဒက်အသင်းနဲ့အတူ ပဥ္စမမြောက် ဘောလုံးရာသီကို ဖြတ်သန်လျက်ရှိနေတဲ့ ယာနူဇိုက်ဟာ အသင်းအတွက် ပွဲစဉ်ပေါင်း(၁၃၃)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၁၉)ဂိုး သွင်းယူထားကာ ဒီရာသီမှာလည်း အသင်းကို စပိန်လာလီဂါ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာထိ ပို့ဆောင်ထားနိုင်သူ ဖြစ်ပါတယ်။ ညာတောင်ပံရော ဘယ်တောင်ပံရော ကွင်းလယ်တိုက်စစ်နေရာမှာပါ ကစားတတ်တဲ့ ယာနူဇိုက်ဟာ ၂၀၂၂ခုနှစ် ဇူလိုင်လမှာပဲ ဆိုစီဒက်အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာဖြစ်တာကြောင့် သူ့ကို ကလပ်အသင်းက သက်တမ်းတိုးသွားချင်နေတဲ့အပြင် ဥရောပ ကလပ်အသင်းများစွာကပါ အလိုရှိနေတာ ဖြစ်ပါတယ်။ ယာနူဇိုက်ကို ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေထဲမှာ စီးရီးအေ ထိပ်သီးကလပ် နာပိုလီအသင်းလည်း ပါဝင်လျက်ရှိနေပြီး အသင်းနဲ့ လက်တွဲဖြုတ်သွားဖို့ နီးစပ်လျက်ရှိနေတဲ့ အီတလီကစားသမား အင်ဆစ်ဂနီရဲ့နေရာမှာ ယာနူဇိုက်နဲ့ အစားထိုးချင်နေတာ ဖြစ်ပါတယ်။ ယာနူဇိုက်အနေနဲ့ ဆိုစီဒက်အသင်းနဲ့သာ သက်တမ်းမတိုးဖြစ်ခဲ့ရင် သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲကမှ ဥရောပဝင်ခွင့်လည်း သေချာနေမယ့်အပြင် ပွဲထွက်ခွင့်ပါ အာမခံချက်ရနိုင်မယ့် နာပိုလီကို ရွေးချယ်ဖွယ် ရှိနေပါတယ်။