စပိန်လာလီဂါမှာ ရလဒ်တွေ ဆက်တိုက်ကောင်းမွန်နေပြီးတော့ လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းကိုလည်း ရမှတ်၃မှတ် ဖြတ်တောက်ထားခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်လျက်ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနေ့ညမှာတော့ စပိန်ကိုပါဒယ်ရေး ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုစီဒက်အသင်းကို ဘာနေဗျူးကွင်းမှာ ဧည်ခံကစားသွားခဲ့ပြီး ဧည်သည့်အသင်းက အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ကာ အိမ်ရှင်ရီးရဲလ်ကို ၃ဂိုး၄ဂိုးနဲ့ အနိုင်ယူသွားခဲ့ပါတယ်။

Photo Credit : Getty Images

အိမ်ရှင်ရီးရဲလ်အသင်းဟာ ကော်တိုအာ ဗာရန်း မာဆယ်လို ကတ်စ်မဲလ်ရိုး အစ္စကိုတို့လို အဓိက ကစားသမားတွေကို အနားပေးခဲ့တယ်ဆိုပေမယ့် ရာမို့စ် ဘန်ဇီမာ ဗယ်ဗာဒီ ကရူးစ် နာချို မာဆယ်လိုတို့လို အမြဲတမ်းအသုံးပြုနေကြ ကစားသမားတွေနဲ့ အရန်ကစားသမားတွေဖြစ်တဲ့ မီလီတာအို ဗင်နီစီယပ်စ် ဂျိမ်းစ်ရိုဒရီဂွက်ဇ် ဒီယက်ဇ် အာရီလိုအာတို့ကို ရောနှောအသုံးပြုလာခဲ့ပါတယ်။ ဆိုစီဒက်ဘက်မှာလည်း ရီးရဲလ်ကနေ အငှားနဲ့လာကစားနေတဲ့ အော်ဒီဂတ်အပါအဝင် အိုင်ဆက်စ် ယာနူဇိုက် မွန်နီရယ်တို့လို အမာခံကစားသမားအပြည့်အစုံ ပါဝင်လာပါတယ်။ ပထမပိုင်းမှာတော့ အိမ်ရှင်အသင်းက ပိုမိုဖိအားပေးကစားခဲ့ပေမယ့်လည်း အခွင့်အရေးအနည်းငယ်ပဲ ရရှိခဲ့တဲ့ ဧည့်သည်အသင်းလောက် တိုက်စစ်ကို ထိထိရောက်ရောက် မကစားနိုင်ခဲ့သလို ဘန်ဇီမာ ဂျိမ်းစ်တို့ရဲ့အပိုင်ကန်ချက်တွေကိုလည်း ဆိုစီဒက်ဂိုးသမားက ကာကွယ်နိုင်ခဲ့ပါတယ်။ ၂၂မိနစ်မှာတော့ အိုင်ဆက်ရဲ့ကန်ချက်ကို အာရီလိုအာ ကာကွယ်ခဲ့ရာကနေ ပြည်လျှံထွက်လာခဲ့လို့ အော်ဒီဂတ်က အားမပါတဲ့ကန်ချက်နဲ့ ပိတ်သွင်းခဲ့ရာ အာရီလိုအာ အမိအရမဖမ်းနိုင်ပဲ ပေါင်ကြားထဲကနေ ဂိုးဝင်သွားခဲ့ရပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ရီးရဲလ်က ပထမဆုံးအပြောင်းအလဲအဖြစ်နဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်အစား မိုဒရစ်ကို ထည့်သွင်းလာခဲ့ပါတယ်။ မိုဒရစ်ကို လူစားဝင်ကစားခဲ့စေပေမယ့်လည်း ဆိုစီဒက်အသင်းကပဲ သွင်းဂိုးတွေကို ဒုတိယပြန်စပြီး ၅၄မိနစ်နဲ့ ၅၆မိနစ်တွေမှာ အိုင်ဆက်ခ်ရဲ့သွင်းဂိုးတွေက ဆက်တိုက်ပိုင်ဆိုင်ခဲ့တာဖြစ်ကာ ဒီဂိုးတွေမတိုင်ခင်မှာတောင် သွင်းယူခဲ့တဲ့ ဂိုးတစ်ဂိုးက VAR ပြန်ကြည့်ရာမှာ လူကျွံနေခဲ့တာကြောင့် ဟက်ထရစ်မပိုင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။ ခံစစ်အားနည်းချက်တွေကြောင့့် ၃ဂိုးတောင် ခွင့်ပြုလိုက်ရတဲ့ ရီးရဲလ်အသင်းဟာ ၅၉မိနစ်မှာတော့ မာဆယ်လိုရဲ့ချေပဂိုးကို ပြန်လည်ပိုင်ဆိုင်ခဲ့ပြီး မျှော်လင့်ချက် ပြန်ရှိလာခဲ့ပေမယ့်လည်း ကစားသမားအပြောင်းအလဲမလုပ်ပဲ ဆိုစီဒက်ကို ဆက်လက်ရင်ဆိုင်ခဲ့တာက နောက်ထပ်ချေပဂိုးရဖို့ ခက်ခဲစေခဲ့တဲ့အပြင် ၆၉မိနစ်မှာလည်း မိုရီနိုရဲ့သွင်းဂိုးကိုပါ ထပ်မံခွင့်ပြုပေးလိုက်ရပါတယ်။ ရလဒ်အရ အခြေအနေ အတော်လေးဆိုးရွှားသွားချိန်မှာတော့ ရီးရဲလ်က ရိုဒရီဂိုကို ထည့်သွင်းလာခဲ့ပြီး ကစားပုံသိသိသာသာ ကောင်းလာခဲ့သလို ၈၂မိနစ်မှာပဲ ဗင်နီစီယပ်စ်ရဲ့ဖန်တီးပေးမှုကနေတစ်ဆင့် ရိုဒရီဂို ဂိုးရယူနိုင်ခဲ့ပါတယ်။ ဒီချေပဂိုးမတိုင်ခင် ဗင်နီစီယပ်စ် သွင်းယူခဲ့တဲ့ ချေပဂိုးကတော့ လူကျွံနေခဲ့လို့ ရီးရဲလ်အတွက် နစ်နာခဲ့ရပါတယ်။ နာကျင်အချိန်ပိုမှာ နာချိုက တတိယမြောက် ချေပဂိုးကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ တစ်လုံးတည်းသော ချေပဂိုးကို ဆက်မရတော့တာကြောင့် ဆိုစီဒက်ကပဲ ဆီမီးဖိုင်နယ် တတ်လှမ်းသွားခဲ့ပါတယ်။