ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းနည်းပြအဖြစ် နည်းပြဟောင်း ကားလို့အန်စလော့တီကို ပြန်လည်ခန့်အပ်ပြီးနောက်မှာ အန်စလော့တီရဲ့ ရီးယဲလ်အသင်းရဲ့ အနာဂတ် အစီအစဉ်တွေထဲမှာ ပါဝင်ဖွယ် မရှိတော့သလို အသင်းမှာလည်း ပုံမှန်နေရာရဖို့ မလွယ်ကူတော့တဲ့ ကွင်းလယ်ကစားသမား အစ္စကို ကို လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့အပြိုင် စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းကပါ အပြိုင်အဆိုင် စိတ်ဝင်စားနေကြလျက် ရှိနေပါတယ်။

Photo Credit : AS English

အသက်(၂၉)နှစ်အရွှယ်ရှိ စပိန်ကွင်းလယ်ကစားသမား အစ္စကိုဟာ လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ်ကတည်းက မာလာဂါကနေ ရီးယဲလ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက အစ္စကိုဟာ ထိပ်တန်းလူငယ်ကြယ်ပွင့်တစ်ဦး ဖြစ်နေပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ အစ္စကိုရဲ့ ပွဲထွက်ကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရကာ အနာအဂတ် အခြေအနေကလည်း လှုပ်ခတ်လာခဲ့ရပါတယ်။ ဒီလို အနေအထား ဖြစ်လာခဲ့ရတဲ့ အစ္စကို ကို လတ်တလောမှာ စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းကနေ အလိုရှိနေပြီး ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ် လက်စတာ အဲဗာတန်အသင်းတွေကပါ အစ္စကိုရဲ့ အခြေအနေကို စောင့်ကြည့်လျက် ရှိနေပါတယ်။

Photo Credit : 90Min

အစ္စကိုဟာ ၂၀၁ရခုနှစ်ကမှ ရီးယဲလ်အသင်းနဲ့ (၅)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး အဲ့ဒီစာချုပ်အရ လာမယ့် ၂၀၂၂ခုနှစ်မှာပဲ သက်တမ်းက ကုန်ဆုံးရတော့မှာဖြစ်ပါတယ်။ လက်ရှိအခြေအနေတွေအရ အစ္စကိုနဲ့ ရီးယဲလ်အသင်းတို့ရဲ့ကြားမှာ စာချုပ်သက်တမ်းတိုးဖွယ်လည်း မရှိတာကြောင့် အခုနွေစျေးကွက်အတွင်းမှာပဲ အစ္စကို ကို ကလပ်အသင်း တစ်သင်းသင်းဆီ ရောင်းချလိုက်ဖို့ ရီးယဲလ်ဘက်ကနေ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ အီတလီအခြေစိုက် Calcio Mercato သတင်းမီဒီယာရဲ့ ဖော်ပြချက်တွေအရ ရီးယဲလ်အသင်းဟာ သူတို့ရဲ့ ကစားသမား အစ္စကိုအတွက် ပြောင်းရွှေ့ကြေး ယူရို(၁၈)သန်းနဲ့ပင် ရောင်းချသွားဖွယ် ရှိနေတယ်လို့ သိရှိရပြီး ဒီတန်ကြေးက သူ့ကို အလိုရှိနေတဲ့ မီလန်အပါအဝင် ကလပ်အသင်းတိုင်းအတွက် အဆင်ပြေနိုင်တဲ့ ပမာဏမျိုး ဖြစ်နေပေမယ့်လည်း ကစားသမားရဲ့ တစ်နှစ်လုပ်ခ ယူရို(၆.၅)သန်းက မီလန်အတွက်တောင် ခက်ခဲနေတဲ့ ပမာဏမျိုး ဖြစ်လို့နေပါတယ်။ အစ္စကိုဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ဘောလုံးရာသီ (၈)ရာသီအထိ ဖြတ်သန်းခဲ့ပြီး ပွဲပေါင်း(၃၃၆)ပွဲအထိ ပါဝင်ကစားခဲ့သလို သွင်းဂိုးပေါင်း (၅၁)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပါတယ်။