ရီးယဲလ်မက်ဒရစ်အသင်းကတော့ သူတို့အသင်းရဲ့ အဓိကပစ်မှတ် ကစားသမားတစ်ဦးဖြစ်တဲ့ ပီအက်စ်ဂျီ လူငယ်ကြယ်ပွင့် တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာပေကို ဒီနှစ်နွေစျေးကွက်အတွင်းမှာ အရခေါ်ယူသွားဖို့အတွက် ကြိုးပမ်းသွားမှာ ဖြစ်ပေမယ့်လည်း တကယ်လို့ ဘာပေကို ခေါ်ယူဖို့ အဆင်မပြေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာကိုပဲ ခေါ်ယူသွားလိမ့်မယ်လို့ စပိန်မီဒီယာ Fichajes ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Eurosport

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ လာမယ့် ၂၀၂၂ခုနှစ်မှာပဲ သူရဲ့လက်ရှိကလပ် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မှာဖြစ်တာကြောင့် သူ့ကို အသင်းဘက်ကနေ သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပေမယ့်လည်း ဘာပေဘက်က ပယ်ချထားခဲ့ပြီး စာချုပ်ပြည့်ချိန်မှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားဖို့ကိုသာ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ ဒီလို အခြေအနေ ရှိနေရတဲ့ ဘာပေကို ရီးယဲလ်ဘက်ကနေ အလိုရှိနေပေမယ့်လည်း ပီအက်စ်ဂျီက လက်ရှိမှာ ကြယ်ပွင့်ကစားသမားတွေ ခေါ်ယူထားတဲ့ပြီး အသင်းက ချန်ပီယံလိဂ်ဆုဖလားကို စိန်ခေါ်နိုင်မယ့် အနေအထားမှာ ရှိနေတဲ့အပြင် ဘာပေကိုယ်တိုင်ကလည်း အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေတဲ့ အချိန်အထိကို ကစားချင်နေသေးတာကြောင့် ရီးယဲလ်က ဘာပေထက် ဆာလာကိုဘက် မြှားဦးလှည့်လာရတာ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၉)နှစ်အရွှယ်ရှိ အီဂျစ်တိုက်စစ်ကစားသမား ဆာလာဟာ လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်နေပေမယ့်လည်း သူရဲ့စာချုပ်သစ်ကိစ္စဟာလည်း အခုအချိန်ထိကို အဆင်မပြေ ဖြစ်နေရသေးသလို ဆာလာအနေနဲ့ အီဂျစ်အသင်းနဲ့အတူ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဆင်နွဲချင်ပေမယ့် လီဗာပူးလ်ဘက်ကနေ ခွင့်မပြုခဲ့ခြင်းအပေါ် ကစားသမားကိုယ်တိုင် စိတ်ပျက်နေတာကြောင့် သူရဲ့အနာဂတ်မ မရေမရာ ဖြစ်လာခဲ့ရပါတယ်။ သူ့ကို ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြသစ် ကားလို့အန်စလော့တီကလည်း နှစ်သက်နေတာဖြစ်သလို ဆာလာကိုယ်တိုင်ကလည်း ယခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်တွေအတွင်း စပိန်က ထိပ်တန်းအသင်းတွေမှာ ပါဝင်ကစားချင်တယ်ဆိုတဲ့ စကားလုံးမျိုးတွေ ပြောဆိုခဲ့ဖူးတာကြောင့် ရီးယဲလ်နဲ့ ဆာလာတို့ရဲ့ အနေအထားက စောင့်ကြည့်ချင်စရာကောင်းလာခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းကတော့ အသင်းရဲ့ Main Player တစ်ယောက်ဖြစ်တဲ့ ဆာလာကို ဘယ်လိုကမ်းလှမ်းချက်မျိုးနဲ့မှ ရောင်းချသွားမှာမဟုတ်ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားဖွယ် ရှိနေပါတယ်။