စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်သူ ပြင်သစ် လူငယ်ကြယ်ပွင့် ကိုင်လီယန် အမ်ဘာပေကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနက အခိုင်အမာ ဖော်ပြလာပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ် အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက သူ့ရဲ့ မိခင်ကလပ် ပီအက်စ်ဂျီနဲ့ စာချုပ်ကိစ္စ ပြဿနာ တက်နေတဲ့ ကစားသမား ဖြစ်ပြီး ပီအက်စ်ဂျီက အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ အမ်ဘာပေကို စာချုပ်သစ် ထပ်ချုပ်စေချင်နေပေမယ့် အမ်ဘာပေကတော့ စာချုပ်သစ် မချုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: The Sun

လက်ရှိမှာ ပီအက်စ်ဂျီက စာချုပ်သစ် မချုပ်ရင် အမ်ဘာပေကို ယခု နွေဈေးကွက် အတွင်းမှာပဲ ရောင်းချသွားမယ်လို့ အတိအလင်း ကြေညာထားပြီး ဆော်ဒီ ထိပ်သီးကလပ် အယ် ဟီလယ်က အမ်ဘာပေကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေပါတယ်။

အယ် ဟီလယ်က ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ အမ်ဘာပေအတွက် ပီအက်စ်ဂျီထံ ပြောင်းရွှေ့ကြေး ယူရို ၃၀၀သန်း ပေးဖို့ ပြင်ဆင်ထားသလို အမ်ဘာပေကိုလည်း သူတို့အသင်းမှာ ၁နှစ်ထဲသာ လာကစားဖို့နဲ့ ၁နှစ်စာ အတွက် စုစုပေါင်း လုပ်ခလစာ ယူရို ၇၀၀သန်း ပေးပါ့မယ် ဆိုပြီး ကမ်းလှမ်းထားပါတယ်။

Photo Credit: Football Transfer

အမ်ဘာပေက အယ် ဟီလယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားပေမယ့် အမ်ဘာပေရဲ့ မိသားစုဝင်တွေကတော့ အမ်ဘာပေကို အယ် ဟီလယ်ဆီ ၁နှစ် ပြောင်းရွှေ့ ကစားပြီး ၂၀၂၄ခုနှစ်မှာ သူ့ရဲ့ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းဖို့ တိုက်တွန်းနေကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ၂၀၂၄ခုနှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ရာခိုင်နှုန်း များနေပေမယ့် အသင်းဥက္ကဌ ပီရက်ဇ် အပါအဝင် တာဝန်ရှိသူတွေက ဆော်ဒီနိုင်ငံရဲ့ ဓနအင်အားကို စိုးရိမ်တာကြောင့် အမ်ဘာပေကို ယခု နွေဈေးကွက် အတွင်းမှာပဲ အမိအရ ခေါ်ယူဖို့ စဉ်းစားနေပြီး ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၂၂၅သန်း အထိ ပေးချေဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။