စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်သူ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ အတွက် တရားဝင် ကမ်းလှမ်းမှု တခုကို ယနေ့မနက် အစောပိုင်းမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ တန်ကြေးမြင့် ကစားသမား ခေါ်ယူမှုတွေ မပြုလုပ်တော့တာ အတော်လေးကို ကြာမြင့်နေပြီ ဖြစ်တာကြောင့် ယခုနှစ် နွေဈေးကွက် အတွင်းမှာ အမ်ဘာပေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် ပေးချေကာ ခေါ်ယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

အသက် ၂၂နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို စာချုပ်သစ် ချုပ်ဆိုဖို့ကိုလည်း ငြင်းဆန်ထားသူပါ။

အမ်ဘာပေဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ သူ့ရဲ့ ငယ်ဘဝ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့ခွင့် ရဖို့ မျှော်မှန်းထားသူ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေ အတွက် ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှု အဖြစ် ယူရို ၁၆၀သန်း (ပေါင် ၁၃၇သန်း)နဲ့ ကမ်းလှမ်းလိုက်ပါတယ်။

Photo Credit: Daily Mail

စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦးကို ယူရို ၁၆၀သန်း အထိ ပေးချေဖို့ ကမ်းလှမ်းတာဟာ အနည်းငယ် ရူးမိုက်ရာကျပေမယ့် ယခုလို ကမ်းလှမ်းတာဟာ အမ်ဘာပေရဲ့ တန်ဖိုးကို အသိအမှတ် ပြုရာ ရောက်သလို ပီအက်စ်ဂျီအသင်းအပေါ် လေးစားမှုကိုလည်း ပြသရာ ရောက်ပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီအသင်းကတော့ အမ်ဘာပေ အတွက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ မသေချာသေးပဲ အမ်ဘာပေကို ရောင်းချမလား ၊ အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းမလား ဆိုတာကို အသင်းရဲ့ ဥက္ကဌ အယ်ခါလိုင်ဖီက ဆုံးသွားမယ်လို့ သိရပါတယ်။