မနေ့ညက ကျင်းပခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ပြိုင်ပွဲကျင်းပမယ့် အန်ဖီးလ်ကွင်းဆီကို ရောက်ရှိလာခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့  ဘတ်စ်ကားကို လီဗာပူးလ်အသင်းရဲ့ပရိသတ်တချို့ကနေ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ကစားသမားတွေကို ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ပေမယ့်လည်း ဘတ်စ်ကားရဲ့ ပြတင်းပေါက်တွေ ပျက်ဆီးခဲ့ရတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မျက်မြင်တွေ့ရှိသူတွေ ပြောဆိုလာချက်အရ လီဗာပူးလ်အသင်း ပရိသတ်တွေဟာ ရီးရဲလ်အသင်းရဲ့ ဘတ်စ်ကားကို ကျောက်တုံးတွေနဲ့ရော အသေးစားကျည်ဖူးတွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့ သိရှိရတဲ့အပြင် ထွက်ပေါ်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာလည်း ပျက်ဆီးမှုတွေ ရှိနေခဲ့ရတဲ့ ရီးရဲလ်အသင်းရဲ့ ဘတ်စ်ကားပုံကိုပါ မြင်တွေ့ခဲ့ရပါတယ်။ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး လီဗာပူးလ်အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဒီနေ့ညနေမှာ အန်ဖီးလ်ကွင်းဆီကို ရောက်ရှိလာခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘတ်စ်ကားကို ပျက်ဆီးသွားအောင် လုပ်ဆောင်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ကျွန်တော်တို့ဘက်ကနေ ရှုတ်ချပါတယ်”

Photo Credit : Daily Mail

“ဒီလို လုပ်ဆောင်ခဲ့တဲ့ လူအနည်းစုအတွက် ဒါဟာ လက်မခံနိုင်စရာ ရှက်ရွံဖွယ်ရာ ကိစ္စရပ်တစ်ခုပါ။ ဒီဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ဧည့်သည်အသင်းအတွက် ကျွန်တော်တို့ဘက်ကနေ စိတ်ရင်းနဲ့ကို တောင်းပန်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို တစ်စုံတစ်ရာ အရေးယူ အပြစ်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့တွေအနေနဲ့ မာဆေးဆိုက်ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွှက်သွားပါမယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ မနေ့ညက သူတို့ရဲ့အိမ်ကွင်း အန်ဖီးလ်မှာ ရီးရဲလ်မက်ဒရစ်ကို ဧည့်ခံကစားခဲ့ရပေမယ့် သွင်းဂိုးတွေ ဘယ်သူကမှ သွင်းယူနိုင်ခဲ့ခြင်းမရှိပဲ ဂိုးမရှိသရေနဲ့သာ အဆုံးသတ်သွားခဲ့ရတာကြောင့် ပထမအကျော့ရလဒ် (၃)ဂိုး(၁)ဂိုးက အပြောင်းအလဲ မဖြစ်ခဲ့သလို ပထမအကျော့မှာ အနိုင်ရထားတဲ့ ရီးရဲလ်ကပဲ ဆီမီးဖိုင်နယ်ကို (၁၄)ကြိမ်မြောက်အဖြစ် တတ်လှမ်းခွင့်ရသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ကနေ ထွက်ခွာလိုက်ရတဲ့ လီဗာပူးလ်အသင်းကတော့ ဒီရာသီမှာ ဖလားလက်မဲ့ရာသီ ဖြစ်သွားခဲ့ရပြီဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်မှာတော့ အဆင့်(၄)အတွင်း ဝင်ရောက်ပြီး နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ထပ်မံရရှိဖို့ အခွင့်အရေး ရှိနေသေးတာကြောင့် ဒီအခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ဖို့သာ အာရုံစိုက်ထားရတော့မှာဖြစ်ပါတယ်။