မနက်ဖြန်မှာ ကျင်းပသွားတော့မယ့် ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ အယ်ဂလက်စီကိုဒါဘီအတွက် ဘောလုံးချစ်ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားနေကြမယ်ဆိုတာ သေချာနေပါတယ်။ လတ်တလော အခြေအနေတွေအရ ဒီအသင်းနှစ်သင်းလုံးရဲ့ခြေစွမ်းတွေ ရလဒ်တွေက သိပ်အားစရာ အနေအထားမှာ မရှိသေးဘူးဆိုပေမယ့် အက်ဂလက်စီကိုဒါဘီဆိုတာနဲ့ ပရိသတ်တိုင်းက ဒီပွဲကို စိတ်ဝင်စားနေကြမှာဖြစ်သလို ပွဲအတွင်းယှဉ်ပြိုင်မှုကလည်း ပြင်းထန်နေမှာပါ။ အခုတော့ အက်ဂလက်စီကိုဒါဘီနဲ့ ဆက်နွယ်နေတဲ့ သတင်းတစ်ပုဒ်ကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Daily Mail

ဒါကတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ အဓိကနောက်ခံကစားသမား ဆာဂျီယိုရာမို့စ်ဟာ သူရဲ့ဒဏ်ရာအခြေအနေကြောင့် အသင်းအတွက် အရမ်းအရေးပါတဲ့ အက်ဂလက်စီကိုဒါဘီပွဲကို လွဲချော်ရဖွယ်ရှိနေတယ်ဆိုတဲ့ Team News တစ်ပုဒ်ပါပဲ။ ရီးရဲလ်အသင်းရဲ့ အဓိကနောက်ခံကစားသမားရာမို့စ်ဟာ ကာဒစ်ဇ်အသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ရတဲ့ လာလီဂါပွဲစဉ်အတွင်း ဒဏ်ရာအနာတရ ရသွားခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာပဲ မီလီတာအိုနဲ့ လူစားလဲခဲ့ရပြီး အခုထိလည်း သူရဲ့ဒဏ်ရာအခြေအနေက ပြန်လည်ကောင်းမွန်ဖို့ အချိန်ယူရဖွယ် ရှိနေတာကြောင့် ဘာစီလိုနာအသင်းနဲ့ပွဲစဉ်ကို လွဲချော်ရဖွယ်ရှိနိုင်တာဖြစ်ပါတယ်။

Photo Credit : Heraldo Deportes

ရာမို့စ်ဟာ ရီးရဲလ်နဲ့ ရှက်တာဒိုးနက်အသင်းတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အတွင်း ပါဝင်နိုင်ခြင်းမရှိလို့ သူရဲ့နေရာမှာ မီလီတာအိုက အစားထိုးဝင်ရောက်ကစားခဲ့ပြီး အသင်းရဲ့ ခံစစ်အတွင်း ဗာရန်းနဲ့ တွဲဖက်ကစားရာမှာ အားနည်းချက်တွေရှိခဲ့ပြီး ပထမပိုင်းအတွင်းမှာပဲ (၃)ဂိုးအထိကို ခွင့်ပြုခဲ့ရကာ ပွဲအပြီးမှာလည်း (၂)ဂိုး(၃)ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် ရာမို့စ်အနေနဲ့ သူရဲ့ဒဏ်ရာကြောင့် အယ်ဂလက်စီကိုဒါဘီပွဲကို ဆက်လက်လွဲချော်ရဦးမယ်ဆိုရင် ဗာရန်းနဲ့ မီလီတာအိုတို့ ခံစစ်အတွဲအဖက်နဲ့ပဲ ဆက်လက်သုံးစွဲလာဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ရီးရဲလ်ဟာ ဒီပွဲမှာ အီဒင်ဟာဇက် ဒန်နီကာဗာဂျယ် မာတင်အိုဒီဂတ်တို့ကိုလည်း ဒဏ်ရာပြသာနာတွေကြောင့် ဆက်လက်အနားပေးထားရဦးမှာဖြစ်တယ်လို့ သိရှိရပါတယ်။ တစ်ဖက်က ဘာစီလိုနာအသင်းဘက်မှာတော့ အသင်းရဲ့အဓိကဂိုးသမားဖြစ်သူ တာစတီဂန်က ဒူးဒဏ်ရာကနေ မသက်သာသေးလို့ နက်တိုပဲ ဆက်လက်ပါဝင်လာဖွယ်ရှိသလို အသင်းရဲ့ခံစစ်ကစားသမားတွေဖြစ်တဲ့ ဂျော်ဒီအယ်ဘာနဲ့ ဆင်မြူရယ်အမ်တီတီတို့နှစ်ယောက်လည်း ဒဏ်ရာပြသာနာတွေကြောင့် အယ်ဂလက်စီကိုဒါဘီပွဲစဉ်ကို လွဲချော်ရမှာဖြစ်ပါတယ်။