ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဂျာမန်ဘွန်ဒစ်လီဂါကလပ် ဖရန့်ဖတ်အသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)ဝန်းကျင်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဆာဘီးယားလူငယ်တိုက်စစ်မှူးလေး လူကာဂျိုဗစ်ဟာ သူရဲ့လာလီဂါပွဲဦးထွက်ရာသီမှာ လုံလောက်တဲ့ပွဲထွက်ကစားခွင့်တွေ မရရှိခဲ့သလို အခုရာသီမှာလည်း ဆက်လက်ပြီးပွဲထွက်ခွင့်တွေ ပျောက်ဆုံးရဖွယ်ရှိနေသေးတာကြောင့် သူရဲ့အသင်းဟောင်းဖရန့်ဖတ်ဆီကိုပဲ ပြန်လည်ပြောင်းရွှေ့ချင်နေတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၂)နှစ်အရွှယ်ရှိ ဆာဘီးယားတိုက်စစ်ကစားသမား လူကာဂျိုဗစ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ ဖရန့်ဖတ်အသင်းနဲ့အတူ အကောင်းဆုံးတောက်ပနိုင်ခဲ့ပြီး တစ်ရာသီအတွင်းမှာပဲ သွင်းဂိုး(၂၇)ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် သူ့ကို ဥရောပထိပ်တန်းကလပ်တွေကနေ အပြိုင်စိတ်ဝင်စားလာခဲ့ကာ ဂျိုဗစ်ကတော့ အားလုံးထဲကမှ ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ပဲ ရွေးချယ်ခဲ့ပါတယ်။ ကြယ်စင်စု ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဥရောပရဲ့ထိပ်သီးအသင်းကြီးဆီ ရောက်ရှိသွားခဲ့တဲ့ ဂျိုဗစ်ဟာ အသင်းမှာ ခြေစွမ်းပြဖို့အတွက် လုံလောက်တဲ့ပွဲထွက်ခွင့်တွေတောင် မရရှိခဲ့လို့ သူရဲ့အနာဂတ်ကို ပြန်လည်ပြင်ဆင်သွားဖို့အထိပါ စဉ်းစားလာခဲ့ရပါတယ်။

Photo Credit : Daily Mail

ပြီးခဲ့တဲ့ ဘောလုံးရာသီ ဆောင်းရာသီစျေးကွက်လောက်ကတည်းက အသင်းကနေ ရာသီဝက်အငှားချခံရဖွယ်ရှိနေတယ်လို့ သတင်းထွက်လာခဲ့တဲ့ လူကာဂျိုဗစ်ကို အခုနွေစျေးကွက်အတွင်းမှာလည်း ရီးရဲလ်မက်ဒရစ်အသင်းက အသင်းကနေ အငှားချသွားဖို့ ထပ်မံလုပ်ဆောင်လို့နေပြန်ပြီး အေစီမီလန်အသင်းဆီကို အငှားနဲ့သွားကစားဖို့ အတော်လေးကို နီးစပ်ခဲ့ပါသေးတယ်။ ဂျိုဗစ်ကိုယ်တိုင်ကတော့ အေစီမီလန်ကို ပြောင်းရွှေ့ကစားဖို့ထက် သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဖရန့်ဖတ်အသင်းကိုပဲ ပြန်လည်ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ရီးရဲလ်နည်းပြဇီဒန်းကိုယ်တိုင်ကလည်း ဂျိုဗစ်နဲ့ ဆက်ဆံရေးပိုင်း အဆင်ပြေနေတယ်လို့ သတင်းစာရှင်းလင်းပွဲတွေမှာ ထုတ်ဖော်ပြောဆိုထားခဲ့ပေမယ့်လည်း အသင်းရဲ့ အထောင်တိုက်စစ်နေရာမှာတော့ ဘန်ဇီမာကိုပဲ အသင်းရဲ့လူစာရင်းမှာ အမြဲသုံးနေမှာဖြစ်လို့ ဂျိုဗစ်ကို ပွဲထွက်ကစားသမားအဖြစ် ထည့်သွင်းအသုံးပြုသွားဖို့က ခက်ခဲနိုင်ပါတယ်။ ဒါ့အပြင် ရီးရဲလ်ဟာ လာမယ့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာလည်း ဟာလန်းနဲ့ဘာပေတို့လို အရည်အသွေးမြင့် လူငယ်တိုက်စစ်ကစားသမားတွေကို ခေါ်ယူဖွယ်ရှိနေတာကြောင့် ဂျိုဗစ်ရဲ့ ရီးရဲလ်ကစားသမားဘဝ အနာဂတ်ပျောက်ဆုံးဖို့ သေချာသလောက်ကို ရှိနေပါတယ်။