စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားမြှင့်တင်ဖို့ အတွက် ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်ရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းနေမှု အားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း သိရှိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို ကြီးမားတဲ့ သွေးသစ်လောင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတဲ့ အသင်းတသင်း ဖြစ်ပြီး လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေက ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေ ၊ ချယ်လ်ဆီး နောက်ခံလူ ရူဒီဂါ ၊ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာနဲ့ ဒေါ့မွန် တိုက်စစ်မှူး အာလင်း ဟာလန်းတို့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပါတယ်။

Photo Credit: Standard

အဆိုပါ ကစားသမားတွေ အနက် အမ်ဘာပေနဲ့ ဟာလန်းတို့က ရီးရဲလ်မက်ဒရစ်ရဲ့ ဦးစားပေး ပစ်မှတ် ကစားသမားတွေ ဖြစ်ကြပေမယ့် အာလင်း ဟာလန်းဘက်က သူ့ကို ခေါ်ယူချင်ရင် တပတ် လုပ်ခလစာ ပေါင် ၅သိန်း အထိ ပေးချေရမှာ ဖြစ်သလို သူ့ရဲ့ အပြောင်းအရွှေ့ ပြီးမြောက်ဖို့ အတွက် သူ့ရဲ့ ဖခင်နဲ့ သူ့ရဲ့ အေးဂျင့် ရိုင်းအိုလာတို့ကို အေးဂျင့်ခ ယူရို ၇၅သန်း ပေးချေဖို့ တောင်းဆိုခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်က ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားနေမှုများ အားလုံးကို ရပ်ဆိုင်းပစ်လိုက်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနက ဆိုပါတယ်။

Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေက ဟာလန်းရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ ဘုတ်အဖွဲ့က အသင်းရဲ့ လုပ်ခလစာ ပေးချေမှုနှုန်းထားကို တည်ငြိမ်အောင် ဆက်လက် ထိန်းသိမ်းချင်တာကြောင့် ဟာလန်းဘက်က တောင်းဆိုထားတဲ့ လုပ်ခလစာ ယူရို ၅သိန်းကို မပေးချေဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးက ဟာလန်းကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပြီး မန်ချက်စတာ စီးတီးဟာ ဟာလန်းဘက်က တောင်းဆိုထားတဲ့ လုပ်ခလစာ ယူရို ၅သိန်းကို ပေးချေဖို့ သဘောတူထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဖော်ပြထားပါတယ်။