စပိန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီး အသင်းဖြစ်တဲ့ လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဆာလက်ကို ခေါ်ယူဖို့ အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Sky Sports သတင်းဌာနက အခိုင်အမာ ဖော်ပြ သွားခဲ့ပါတယ်။ အသက် ၂၈နှစ် အရွယ် အီဂျစ်လက်ရွေးစင် အသင်းရဲ့ အသင်းခေါင်းဆောင် မိုဟာမက် ဆာလက်ဟာ ရိုးမားအသင်းကနေ လီဗာပူးအသင်းထံ ပြောင်းရွှေ့လာခဲ့ အပြီးမှာ သူဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တစ်ဦးဖြစ်ကြောင်း သက်သေ ပြနိုင်ခဲ့ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း လီဗာပူးအသင်းရဲ့ အဓိက ဂိုးသွင်းစက် တစ်လုံး ဖြစ်နေသူပါ။

Photo Credit: Sky Sports

ဆာလက်ဟာ လီဗာပူးအသင်းနဲ့ အတူ ချန်ပီယံလိဂ်ဖလား ၊ ပရီးမီးယားလိဂ်ဖလား တို့ကို ရရှိထားသူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ခါနီးမှာ အသင်းဖော် တိုက်စစ်မှူး မာနေးနဲ့ ဆက်ဆံရေးအရ အဆင်မပြေ ဖြစ်ခဲ့သလို လက်ရှိ ဘောလုံးရာသီ မှာလည်း ချန်ပီယံလိဂ်ပွဲ တစ်ပွဲမှာ အသင်းခေါင်းဆောင် လက်ပတ် မပေးတာနဲ့ ပတ်သတ်ပြီး နည်းပြဖြစ်သူ ကလော့ပ်နဲ့လည်း အနည်းငယ် ဆက်ဆံရေး တင်းမာခဲ့သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ် အတွင်းမှာလည်း ဆာလက်ရဲ့ အီဂျစ်လက်ရွေးစင် အသင်းဖော်ဟောင်း တစ်ဦးဖြစ်သူ က ဆာလက်ဟာ လီဗာပူးအသင်းမှာ ပျော်ရွှင်ခြင်း မရှိတော့သလို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သတင်းဌာန တစ်ခုကို ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Photo Credit: Sky Sports

လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်က အဆိုပါ သတင်းတွေ အပေါ် ငြင်းဆန် ထားပေမယ့် ခိုင်လုံတဲ့ စပိန်အခြေစိုက် သတင်းဌာနတွေ ကတော့ ဆာလက်ဟာ လီဗာပူးအသင်းနဲ့ အဆင်မပြေ ဖြစ်နေပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စား နေကြောင်း ဖော်ပြခဲ့ကြပါတယ်။ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ပီအက်စ်ဂျီ အသင်းရဲ့ လူငယ် တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ ခက်ခဲမှာ ဖြစ်တာကြောင့် ဆာလက်ကို ခေါ်ယူဖို့ မျက်စိကျလာပြီး ဆာလက်ကို ပြောင်းရွှေ့ကြေး ပေါင် ၉၀သန်းခန့်နဲ့ စတင် ကမ်းလှမ်းမှာ ဖြစ်ကြောင်း သိရပါတယ်။ ဆာလက်ဟာ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်ကျော်သာ ကျန်ရှိတော့သူ ဖြစ်တာကြောင့် လီဗာပူးအသင်း ကလည်း ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းခန့် ရရှိရင် ဆာလက်ကို ရောင်းချဖွယ် ရှိကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။