စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ် လူငယ် တိုက်စစ်မှူး အမ်ဘာပေ အတွက် ယူရို ၁၅၀သန်းတန် ကမ်းလှမ်းမှုကို စတင် ပြုလုပ်တော့မယ်လို့ စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၁နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ပီအက်စ်ဂျီအသင်း ကနေ ငယ်ဘဝ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ချင်နေသူလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ပီအက်စ်ဂျီအသင်း ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်သူ အမ်ဘာပေကို ရောင်းချလိုခြင်း မရှိပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းချင်နေပေမယ့် အမ်ဘာပေဘက်က စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ထားတာကြောင့် အကယ်၍ ထိုက်တန်တဲ့ ကမ်းလှမ်းမှု တရပ် ရောက်လာရင် ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ အမ်ဘာပေကို ရောင်းချနိုင်ပါတယ်။

စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေကို ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ ခေါ်ယူဖို့ ဆုံးဖြတ်ထားကာ အမ်ဘာပေ အတွက် ယူရို ၁၅၀သန်းတန် ကမ်းလှမ်းမှုကို ပြုလုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Photo Credit: Marca

ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းချင်ပေမယ့် အကယ်၍ လက်ကျန် ၁နှစ်အတွင်းသာ အမ်ဘာပေကို စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိပါက အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ ရှိနေတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက အမ်ဘာပေအတွက် ယူရို ၁၈၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ပါက လက်ခံဖွယ် ရှိကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို ရောင်းချပြီးပါက ဂျူဗင်တပ်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ခေါ်ယူဖို့ ကြိုတင် စဉ်းစားထားပြီး ဂျူဗင်တပ်အသင်း ကတော့ ရိုနယ်ဒို အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် အလိုရှိနေပါတယ်။