စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို မခေါ်ဖို့ အတွက် ဆုံးဖြတ်ချက် ချလိုက်ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက် ၂၈နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာကို ဂျူဗင်တပ်အသင်းမှာ ကစားစဉ်ထဲက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ အသင်းတသင်း ဖြစ်ပြီး ပေါ့ဘာ တယောက် မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ပြီးနောက်လည်း ပေါ့ဘာနဲ့ အမြဲတမ်း အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ဒါကြောင့် ပေါ့ဘာ တယောက် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းက ပေါ့ဘာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိမ့်မယ် ဆိုတဲ့ သတင်းတွေ ယခုရက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် အသင်းဟာ လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ပုံဖော်သွားမယ့် အသင်းရဲ့ အပြောင်းအရွှေ့ စီမံကိန်းနဲ့ ပတ်သတ်ပြီး အစည်းအဝေး ပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးမှာပဲ ပေါ့ဘာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရရင်တောင် မခေါ်ယူဖို့ အပြီးသတ် ဆုံးဖြတ်ချက် ချလိုက်ကြောင်း သိရပါတယ်။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးစားပေး အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ထားပြီး အမ်ဘာပေနဲ့ ဟာလန်းတို့ နှစ်ဦးစလုံးကို တပြိုင်နက်ထဲ ခေါ်ယူဖို့ စီစဉ်နေတာကြောင့် လုပ်ခလစာ မြင့်မားမယ့် ပေါ့ဘာကို မခေါ်ယူပဲ အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ မိုဒရစ်ကိုသာ စာချုပ်သစ် ချုပ်ဆိုဖို့ ဦးစားပေး လုပ်ဆောင်နေကြောင်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေကလည်း အတည်ပြုထားပါတယ်။

ဒါကြောင့် ပေါလ်ပေါ့ဘာအနေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရင်တောင် သူ့ရဲ့ အသင်းဟောင်း ဂျူဗင်တပ်အသင်းနဲ့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းတို့ဆီသာ ပြောင်းရွှေ့နိုင်ဖို့ အလားအလာ များနေပါတယ်။