စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်ရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားနေမှု အားလုံးကို လက်လျော့လိုက်ကြောင်း သိရပါတယ်။

အသက် ၂၁နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင် တိုက်စစ်မှူး ၃ဦး စာရင်းဝင်သူ ဖြစ်ပြီး အသက်အရွယ်အရရော ၊ ခြေစွမ်းပိုင်းအရပါ အကောင်းဆုံး ပုံစံတခု ရှိနေတာကြောင့်ပဲ သူ့ကို ခေါ်ယူနိုင်တဲ့ အသင်းဟာ ဆယ်စုနှစ် တစုနီးပါး တိုက်စစ်နေရာ အတွက် စိတ်မပူရတော့မယ့် အခြေအနေကို ပိုင်ဆိုင်သွားဖွယ် ရှိပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ဥရောပ ထိပ်သီးအသင်း အများစုက ဟာလန်းရဲ့ စာချုပ် ဖျက်သိမ်းကြေး စတင် အသက်ဝင်မယ့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ယခုချိန်အထဲက အသင်းကြီးတွေရဲ့ တာဝန်ရှိသူတွေဟာ အာလင်း ဟာလန်းရဲ့ အေးဂျင့် ရိုင်းအိုလာကို ချိတ်ဆက်မှုတွေ ပြုလုပ်နေကြပါပြီ။

ဒေါ့မွန်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ RNBVB သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ ကနဦးမှာ အာလင်း ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီ တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကိုသာ အလွတ်နဲ့ ရအောင် ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်လိုက်တာကြောင့် ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားနေမှုအား ရပ်တန့်လိုက်ကြောင်း သိရပါတယ်။

Photo Credit: Marca

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ဟာ အာလင်း ဟာလန်းအနေနဲ့ သူတို့ဆီကို ပြောင်းရွှေ့ချင်ပါက လာမယ့် ဘောလုံးရာသီမှာ ဒေါ့မွန်၌သာ ဆက်နေပြီး ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ကုန်ဆုံးပြီးမှသာ သူတို့ဆီကို ပြောင်းရွှေ့လာဖို့ အသိပေးထားကြောင်းလည်း RNBVB သတင်းဌာနက အခိုင်အမာ ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်က အာလင်း ဟာလန်းကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီးနောက် ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးက ဟာလန်းကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်လာပြီး သူတို့ရဲ့ အနောက်မှာတော့ ဘာစီလိုနာ ၊ ချယ်လ်ဆီး ၊ ဘိုင်ယန်မြူးနစ် ၊ မန်ချက်စတာ ယူနိုက်တက်တို့က အစဉ်လိုက် အတိုင်း ရေပန်းစားနေကြပါတယ်။