MySport Myanmar

အမ်ဘာပေကို အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး သတိပေးလိုက်တဲ့ ရီးယဲလ်မက်ဒရစ်

ရီးယဲလ်မက်ဒရစ်အသင်းကတော့ သူတို့အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်ကစားသမာလေး ကီလီယန်အမ်ဘာပေကို လာမယ့်နွေမှာ သူတို့အသင်းဆီ လာရောက်ပူးပေါင်းဖို့အတွက် ကမ်းလှမ်းမှုတွေ သေချာလုပ်ဆောင်ထားပေမယ့် ဘာပေဘက်က ရီးယဲလ်ရဲ့ ကမ်းလှမ်းချက်ထက် သူရဲ့ လက်ရှိကလပ် ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုကိုသာ ဦးစားပေးပြီး အသင်းမှာပဲ ဆက်လက်ရှိနေဖို့သာ ဆုံးဖြတ်လိုက်မယ်ဆိုရင်တော့ ဘာပေကို နောက်တစ်ကြိမ် ကမ်းလှမ်းလာတော့မှာ မဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။

Photo Credit : 90Min

ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ သူ့ကို ရီးယဲလ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အသေအချာ ပြင်ဆင်ထားခဲ့သလို ဘာပေကိုယ်တိုင်ကလည်း သူငယ်စဉ်ကတည်းက အိမ်မက်မက်ခဲ့ရတဲ့ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိလို့နေပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီဘက်ကလည်း သူတို့ရဲ့ကြယ်ပွင့် ဘာပေကို အလွယ်တကူ လက်မလွတ်ရဖို့အတွက် တစ်ပတ်ကို ပေါင်(၁)သန်းထိနဲ့ပါ ပေးချေသွားပြီး သက်တမ်းတိုးဖို့ စီစဉ်လာခဲ့သလို ဒီအစီအစဉ်ကိုလည်း ဘာပေဘက်က စဉ်းစားလာခဲ့တဲ့အတွက် ဒီအခြေအနေမှာ ဘာပေအနေနဲ့ ပီအက်စ်ဂျီကိုသာ ရွေးူချယ်မယ်ဆိုရင် ရီးယဲလ်ဘက်က ကမ်းလှမ်းမှုတွေ ထပ်မံရှိလာတော့မှာ မဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။

Photo Credit : Daily Express

ပီအက်စ်ဂျီအသင်းဟာ လာမယ့် ဘောလုံးရာသီမှာ အသင်းနည်းပြအဖြစ် ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ပြီး သူ့နေရာမှာ ပြင်သစ် ဂန္တဝင်ဘောလုံးသမားဟောင်းနဲ့ ရီးယဲလ်နည်းပြဟောင်း ဇီဒန်းကို ပြန်လည်အစားထိုးသွားဖို့ ရှိနေတဲ့့အတွက် ဇီဒန်းသာ ပီအက်စ်ဂျီနည်းပြ ဖြစ်လာခဲ့မယ်ဆိုရင် ဇီဒန်းကို idol တစ်ဦးအဖြစ် သတ်မှတ်ထားတဲ့ ဘာပေဟာလည်း ပီအက်စ်ဂျီမှာ ဆက်ရှိသွားနိုင်တယ်လို့ သတင်းတချို့က ဖော်ပြထားပါတယ်။ ဒီလို အခြေအနေမျိုးတွေမှာ ပီအက်စ်ဂျီက ဘာပေအတွက် တစ်ပတ်လုပ်ခကိုပါ ဘောလုံးသမိုင်းတလျှောက် စံချိန်တင်သွားနိုင်မယ့် ပမာဏမျိုးနဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ဘာပေအနေနဲ့ အသင်းပြောင်းရွှေ့ဖို့ထက် လက်ရှိအသင်းမှာပဲ ဆက်နေသွားနိုင်တဲ့ အနေအထားမျိုး ဖြစ်နေရပါတယ်။ လက်ရှိမှာ ဘာပေရဲ့ အနာဂတ်အတွက် ပြိုင်ဆိုင်နေကြတဲ့ ပီအက်စ်ဂျီနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ဟာ တိုက်တိုက်ဆိုင်ဆိုင် ဒီရာသီရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ (၁၆)သင်း ရှုံးထွက်အဆင့်မှာပါ ထိပ်တိုက်တွေ့ဆုံနေရပြီး ပြင်သစ်မှာ ကျင်းပခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာတော့ ဘာပေရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ပဲ ပီအက်စ်ဂျီက အနိုင်ရထားပါတယ်။

Exit mobile version