ရီးယဲလ် မက်ဒရစ်အသင်းဟာ လက်ရှိမှာ ခံစစ်ပိုင်းအတွင်း ဒဏ်ရာ ပြဿနာတွေ ကြုံတွေ့နေရတာကြောင့် အသင်းရဲ့ legend player တစ်ဦးလည်းဖြစ်တဲ့ ကစားသမားဟောင်း ရာဖေးလ် ဗာရန်းကို အသင်းဆီ ပြန်လည် ခေါ်ဆောင်ဖွယ် ရှိနေတယ်လို့ Blid ကနေ ဖော်ပြလာပါတယ်။

လက်ရှိမှာ ရီးယဲလ်အသင်းဟာ အသင်းရဲ့ အဓိက ခံစစ်မှူးတွေဖြစ်တဲ့ အက်ဒါ မီလီတာအို နဲ့ ဒေးဗစ် အလာဘာတို့ ACL Injuries တွေ အသီးသီး ရရှိနေလို့ ကာလအတန်ကြာ အနားပေးရမှာ ဖြစ်တဲ့အတွက် ကစားသမားဟောင်း ဗာရန်းကို ပစ်မှတ်ထားလာတာပဲ ဖြစ်ပါတယ်။

Photo Credit : Transfer News Live

အသက် (၃၀)အရွယ် ပြင်သစ် လက်ရွေးစင် ဝါရင့် နောက်ခံလူကြီး ဗာရန်းဟာ ရီးယဲလ်အသင်းမှာ ၂၀၁၁ခုနှစ်ကနေ ဆယ်စုနှစ်တစ်ခု အကြာထိ ပါဝင် ကစားခဲ့ဖူးသူဖြစ်ပြီး ချန်ပီယံလိဂ်ဖလား (၄)ကြိမ် အပါအဝင် ဆုဖလား အမြောက်အများကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ရီးယဲလ် ခံစစ်မှာ ဆာဂျီယို ရာမို့စ်နဲ့ တွဲဖက်ပြီး အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒီလို ကစားသမားကြီးက ၂၀၂၁ခုနှစ် နွေရာသီမှာ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး မနှစ်က ရာသီမှာတော့ လီဆန်ဒရို မာတီနက်ဇ်နဲ့ အတွဲအဖက်မိမိ ကစားနိုင်ပေမယ့် ဒဏ်ရာ မကြာခဏ ရနေတက်သလို ဒီရာသီမှာလည်း မက်ဂွိုင်းယားနောက် အရန် ကစားသမားအနေနဲ့သာ ကစားနေရပါတယ်။ ဒါ့အပြင် နည်းပြ တန်ဟက်ဂ်နဲ့ပါ ဆက်ဆံရေး အဆင်မပြေသလို ဖြစ်နေပြီး အသင်းနဲ့ လမ်းခွဲတော့မယ်လို့လည်း သတင်းမွှေးနေပါတယ်။

Photo Credit : Red Devil Fan Zone

ဘိုင်ယန်မြူးနစ်အပြင် ဆော်ဒီကလပ်တွေနဲ့ပါ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ဗာရန်းကို တန်ဟက်ဂ်က နောက်ပိုင်းပွဲတွေမှာ ပွဲကစားခွင့်တွေ ပြန်ပေးလာခဲ့သလို ဗာရန်းကလည်း လီဗာပူးလ်နဲ့ပွဲမှာပါ သူရဲ့ Class တစ်ခုကို ပြသထားခဲ့ပေမယ့် တကယ်လို့ မက်ဂွိုင်းယားသာ ဒဏ်ရာကနေ ပြန်လည် သက်သာလာရင် ဗာရန်းက နေရာပြန်ပျောက်သွားနိုင်ဖွယ် ရှိနေရပါတယ်။

ဒီလို အခြေအနေမှာ ဗာရန်းရဲ့အသင်းဟောင်း ရီးယဲလ်က ခံစစ်ပိုင်း ဒဏ်ရာပြဿနာများကြောင့် ဗာရန်းကို ကာလတို အငှားစာချုပ်နဲ့ ပြန်လည် ခေါ်ယူသွားချင်လာခဲ့ပါတယ်။ ယူနိုက်တက်ဘက်ကတော့ ဗာရန်းကို အသင်းမှာသာ ဆက်ထိန်းသွားချင်နေသလို တကယ်လို့ ထွက်ခွာခွင့်ပြုရမယ်ဆိုရင်လည်း အပြီးသတ်နဲ့သာ ရောင်းချသွားချင်နေပါတယ်။