စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်မှာ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီကို ပြင်သစ်မြေမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေနဲ့ ဥရောပ နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီနဲ့ ထိပ်တိုက် တွေ့ဆုံနေပြီး ပထမအကျော့ အဖြစ် ပြင်သစ်မြေဆီ သွားရောက် ရင်ဆိုင်ခဲ့ရာမှာ အမ်ဘာပေရဲ့ တလုံးထဲသော နောက်ကျ အနိုင်ဂိုးနဲ့အတူ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် နောက်တဆင့်ဆီ တက်ရောက်နိုင်ဖို့ အတွက် အိမ်ကွင်း ဘာနေဗျူးမှာ အသည်းအသန် ကြိုးစားရတော့မှာလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ်ဟာ အဝေးကွင်းမှာ ၁-၀ ဆိုတဲ့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ပဲ အရေးနိမ့်ခဲ့တာကြောင့် ဒုတိယအကျော့မှာ ပီအက်စ်ဂျီကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်မယ့် အခွင့်အရေးတွေ ရှိနေသေးပေမယ့် ပီအက်စ်ဂျီကို ပြင်သစ်မြေမှာ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အန်ဆလော့တီရဲ့ ခံစစ်အသားပေး ကစားပုံကို ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ် လုံးဝ နှစ်သက်ခြင်း မရှိပဲ အန်ဆလော့တီက ရီးရဲလ်မက်ဒရစ်ရဲ့ ဂုဏ်သိက္ခာကို နိမ့်ပါးအောင် လုပ်ဆောင်ခဲ့တယ်လို့ ယူဆနေကြောင်း စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ AS သတင်းဌာနက ဆိုပါတယ်။

ပီအက်စ်ဂျီ ၁-၀ ရီးရဲလ်မက်ဒရစ် ပွဲစဉ်ကို ပီအက်စ်ဂျီရဲ့ ဥက္ကဌ အယ်ခါလိုင်ဖီ ၊ အားကစား ဒါရိုက်တာ လီယိုနာဒိုတို့ အပြင် အသင်းရဲ့ အရေးကြီးတဲ့ ပုဂ္ဂိုလ်တချို့က တက်ရောက် ကြည့်ရှုခဲ့ကြသလို ရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဌ ပီရက်ဇ်နဲ့ ဘုတ်အဖွဲ့ဝင် တချို့ကလည်း ပြင်သစ်မြေအထိ လိုက်ပါက အသင်းသားတွေကို အားပေးခဲ့ကြပါတယ်။

Photo Credit: Marca

အဆိုပါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် နည်းပြဖြစ်သူ အန်ဆလော့တီက ခံစစ်အသားပေး ကစားဟန်ကို အသုံးပြုခဲ့တာကြောင့် ပီအက်စ်ဂျီကပဲ တပွဲလုံးနီးပါး ရီးရဲလ်မက်ဒရစ်ဘက်ကို အဆက်မပြတ် ဖိအားပေး ကစားနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ကစားဟန်က ပီရက်ဇ်အပါအဝင် ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေကို လူပုံအလယ်မှာ အရှက်ရစေခဲ့ပါတယ်။

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်က ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အန်ဆလော့တီကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားနေပြီး သူ့ရဲ့နေရာ အတွက် ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုနဲ့ လီဗာပူးနည်းပြ ကလော့ပ်တို့ကို ခန့်အပ်ဖို့ လျာထားကြောင်းလည်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Independent သတင်းဌာနက ဆိုပါတယ်။