စပိန်လာလီဂါ ထိပ်သီးအသင်း ဖြစ်တဲ့ ရီးရဲလ် မက်ဒရစ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်းကနေ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းထံ အငှားနဲ့ သွားရောက် ကစားကာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ စီဘယ်လော့ ကို လာမယ့် ဘောလုံးရာသီမှာ ထပ်မံ အငှားချတော့မှာ မဟုတ်ပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားမယ် လို့ သိရပါတယ်။ ရီးရဲလ် မက်ဒရစ်အသင်းဟာ ကနဦးမှာ စီဘယ်လော့ကို အာဆင်နယ်အသင်းထံ ထပ်မံ အငှားချဖို့ စဉ်းစားခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရပ်နားထားရာ ကနေ ပြန်လည် ကစားခဲ့တဲ့ နောက်ပိုင်းမှာ ခြေစွမ်းပြ လာနိုင်တဲ့ စီဘယ်လော့ရဲ့ ခြေစွမ်းကို မြင်ပြီး နောက်ပိုင်းမှာ သူတို့အသင်းရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်သွားတာပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

အသက်၂၄နှစ်အရွယ်သာ ရှိသေးတဲ့ စီဘယ်လော့ဟာ အာဆင်နယ်အသင်းထံကို အငှားနဲ့ စတင် ရောက်ရှိခဲ့ချိန်မှာ ပရီးမီးယားလိဂ်ရဲ့ ကစားဟန်နဲ့ ရင်းနှီးဖို့အတွက် အချိန်အနည်းငယ် ယူခဲ့ရပေမယ့် နည်းပြသစ် အာတီတာရဲ့ လက်အောက်မှာတော့ ချာကာနဲ့ တွဲဖက်ပြီး အသင်းရဲ့ ကွင်းလယ်ကို ထိန်းကျောင်းခဲ့ပါတယ်။ အထူးသဖြင့် စီဘယ်လော့ဟာ အာဆင်နယ်အသင်းရဲ့ အက်ဖ်အေဖလား အောင်မြင်မှုမှာ အဓိကကျခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပြီး ရှက်ဖီးလ် ယူနိုက်တက်အသင်းဘက် ကို သွင်းယူပေးခဲ့တဲ့ အနိုင်ဂိုး အပါအဝင် အက်ဖ်အေဖလားပြိုင်ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေဟာ အတော်လေးကို ကောင်းမွန်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း အာဆင်နယ်အသင်းဟာ စီဘယ်လော့ကို နောက်ထပ် တစ်ရာသီ အငှားနဲ့ ထပ်မံခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းကတော့ အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ် သွားခဲ့ပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ AS သတင်းဌာနရဲ့ အဆိုအရတော့ ရီးရဲလ် မက်ဒရစ် အသင်းဟာ အာဆင်နယ်အသင်းနဲ့ အတူ ခြေစွမ်း ပြနိုင်ခဲ့တဲ့ စီဘယ်လော့ကို အသင်းမှာပဲ ဆက်ထိန်းသွားဖို့ စဉ်းစားထားပြီး ရာသီကြို ခြေစမ်းပွဲတွေမှာ စတင်ကာ အသုံးပြုသွားမယ် လို့ သိရပါတယ်။ ဒါပေမယ့် စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ စီဘယ်လော့ တစ်ယောက် ရီးရဲလ်မက်ဒရစ် အသင်းမှာ နေရာ ရမလား ၊ မရဘူးလား ဆိုတာကို ဆုံးဖြတ်သွားမယ့်သူ ဟာ နည်းပြ ဇီဒန်းဖြစ်ပြီး အကယ်၍ ရာသီကြို ခြေစမ်းပွဲတွေမှာသာ စီဘယ်လော့ အနေနဲ့ ခြေစွမ်းမပြနိုင်ခဲ့ပါက အာဆင်နယ် အသင်းဟာ သူ့ကို ခေါ်ယူဖို့ အခွင့်အရေး ရရှိဦးမယ်လို့ သိထားရပါတယ်။ စီဘယ်လော့ ကတော့ ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားဖို့ဟာ သူ့ရဲ့ ဦးစားပေး ရည်ရွယ်ချက် ဖြစ်ပေမယ့် ယူရို၂၀၂၂ ပြိုင်ပွဲမှာ စပိန်အသင်းအတွက် ပါဝင် ကစားချင်တာကြောင့် ပုံမှန်ပွဲကစားခွင့် လိုချင်တယ်လို့ အတိအလင်း ပြောကြားထားပါတယ်။